တရုတ်-မြန်မာနယ်စပ် ကုန်စည်ပြပွဲ ဖွင့်လှစ်

တရုတ်မြန်မာနယ်စပ် ကျယ်ဂေါင်မြို့မှာ ၁၅ ကြိမ်မြောက် နှစ်နိုင်ငံကုန်စည်ပြပွဲ ဖွင့်လှစ်ကျင်းပနေပြီး မြန်မာနိုင်ငံက ကုန်သည်တွေကလည်း ကုန်ပစ္စည်းအမျိုးမျိုး ပြသရောင်းချနေကြတယ်လို့ သိရပါတယ်။

ကျယ်ဂေါင်မြို့ နိုင်ငံတကာကုန်စည်ပြပွဲကို ဒီနေ့မနက်က နှစ်နိုင်ငံ တာဝန်ရှိသူတွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့ တာပါ။ မြန်မာကုန်သည်တွေက အရင်နှစ်တွေကအတိုင်း ပြသရောင်းချခဲ့ပေမယ့် ပြပွဲလာရောက်ကြည့်ရှုသူတွေ လည်း နဲပါးလာတယ်လို့ မြန်မာကျောက်ကုန်သည်တစ်ဦးဖြစ်တဲ့ ကိုထင်ကျော်က ပြောပြပါတယ်။

"ဆိုင်ခန်း ၄၀ ကျော်ပေါ့ တိုင်းရင်းဆေးတို့၊ ကျောက်မျက်ရတနာပြခန်းတို့ သစ်သီးတို့ ပဲပြောင်းနှမ်းတို့ ဆန်စပါးတို့ မူဆယ်အခြေစိုက် ကုန်စည်ဒိုင်တွေပေါ့ စားသောက်ကုန်လည်း တစ်ခန်းတစ်လေ ပါတယ်၊ ဆပ်ပြာမှုန့်တို့လည်း ပါတယ်၊ ပုံမှန်ပါပဲ နယ်စပ်ကုန်စည်ပြပွဲက အေးနေတာ ၂နှစ် ၃နှစ်ရှိပြီလေ၊ ကြည့်ရတာ နှစ်တိုင်း ဒီဆိုင်ခန်းတွေ ဆိုတော့ တော်ရုံတန်ရုံလဲ မလာဖြစ်ကြတော့ဘူး ထင်ပါတယ်၊ ထူးထူးခြားခြား ပြတာ မရှိတော့လေ၊ တချို့လည်း ရောင်း ပါတယ်။ ဒါပေမဲ့ လာကြော်ငြာတာတော့ ပိုများ တာပေါ့"


၂၀၀၆ ခုနှစ်ဝန်းကျင်လောက်ကတော့ မြန်မာနိုင်ငံက ကုန်သည်တွေ ပြခန်းပေါင်း ၁၀၀ လောက်နဲ့ ခင်းကျင်းပြ သ ရောင်းချနိုင်ခဲ့ပါတယ်။

ဒီပြပွဲမှာ တရုတ်နိုင်ငံဘက်က လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုးနဲ့ စက်ရိယာပစ္စည်းမျိုးစုံ လည်း ပြသထားတာတွေ့ရပါတယ်။

ကုန်ပစ္စည်းတွေကို လက်ငင်းရောင်းချပေးတာတွေရှိသလို ကုမ္ပဏီအချင်းချင်း ဆွေးနွေးညှိနှိုင်းပြီး စာချုပ်တွေ နဲ့ ရောင်းဝယ်ကြတာတွေလည်း ရှိတယ်လို့သိရပါတယ်။

အခုကုန်စည်ပြပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၁၇ရက်နေ့အထိ ပြသကြမှာဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံကုန်စည်ပြပွဲကို ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး၂၀၀၀ ခုနှစ်ကနေ စတင်ကျင်းပလာတာဖြစ်ပါတယ်။