မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့ လုပ်ငန်းရှင်တစ်ဦး ပြောကြား
မြန်မာနိုင်ငံကို အထီးကျန်ထားခြင်းထက် ထိတွေ့ဆက်ဆံရေးက ဒီမိုကရေစီအောင်မြင်ရေးအတွက် အရေးပါကြောင်း မြန်မာရင်းနှီးမြှုပ်နှံရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Serge Pun ခေါ် ဦးသိမ်းဝေက ပြောလိုက်ပါတယ်။
-
2018-09-16 -
-
-
ပြည်သူလူထုက ဒီမိုကရေစီစနစ်ကလွဲပြီး တခြားစနစ်ကို မလိုလားကြတဲ့အတွက် ဒီမိုကရေစီစနစ်သာလျှင် မြန်မာနိုင်ငံမှာ ထွန်းကားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို အထီးကျန်ထားခြင်းထက် ထိတွေ့ဆက်ဆံရေးက ဒီမိုကရေစီအောင်မြင်ရေးအတွက် အရေးပါကြောင်း မြန်မာရင်းနှီးမြှုပ်နှံရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Serge Pun ခေါ် ဦးသိမ်းဝေက ပြောကြားလိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာ စက်တင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်နေ့က Milken Institute ကျင်းပတဲ့ အာရှစီးပွားရေး လုပ်ငန်းရှင်များ ထိပ်သီးညီလာခံမှာ CNBC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းစဉ် ဦးသိမ်းဝေက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေး ပြဿနာတွေကြောင့် နိုင်ငံတကာဖိအားပေးမှုတွေ၊ အရေးယူမှုတွေ ရှိလာနေချိန်မှာ ဒီအခြေအနေက လွတ်မြောက်နိုင်ပါ့မလားလို့ CNBC ကမေးမြန်းရာမှာ လွတ်မြောက်တယ်ဆိုတဲ့ စကားထက် ဒီအခြေအနေကို ဘယ်လိုကျော်ဖြတ်မလဲလို့ ပြောရမှာဖြစ်ကြောင်း၊ အရင်ကလည်း ကျော်ဖြတ်ခဲ့ရသလို၊ တခြားနိုင်ငံတွေလည်း ကျော်ဖြတ်ဖူးသလို နောက်ဆုံးတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်မှာဖြစ်ပြီး ဘယ်ရွေ့ ဘယ်မျှ ကြာမြင့်ပြီး ဘယ်လောက်ခက်ခဲကြမ်းတမ်းမယ်ဆိုတာပဲ မသိနိုင်တာဖြစ်ကြောင်း ဦးသိန်းငွေက ဖြေကြားခဲ့ပါတယ်။
မိမိတို့နိုင်ငံအတွက် ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချပြီး အရေးယူအပြစ်ပေးဖို့ တောင်းဆိုနေသူတွေရှိသလို အာရှနိုင်ငံတွေလို မြန်မာကို နားလည်ပြီး ထိတွေ့ဆက်ဆံနေကြတဲ့ နိုင်ငံတွေလည်းရှိကြောင်း၊ ဒီလိုထိတွေ့ ဆက်ဆံခြင်းက မြန်မာပြည်အတွက် အများကြီး အထောက်အကူဖြစ်ပါကြောင်းလည်း ဦးသိမ်းဝေက ဖြေကြားခဲ့ပါတယ်။