စစ်တပ်ရှယ်ယာ ထက်ဝက်ပါတဲ့ Myanmar Brewery Limited ဖျက်သိမ်းဖို့ စီစဉ်နေ

စစ်တပ်ရဲ့ စီးပွားရေးရှယ်ယာ အများစုပါဝင်တဲ့ Myanmar Brewery Limited (MBL) ကို ဖျက်သိမ်းဖို့ နိုဝင်ဘာ ၁၉ ရက်နေ့က တရားရုံးမှာ ဦးတိုက် လျှောက်ထားတယ်လို့ နိုဝင်ဘာ ၂၂ ရက် စစ်ကောင်စီထုတ် သတင်းစာက ကြေညာထားပါတယ်။
လာမယ့် ဒီဇင်ဘာ ၁၀ ရက်မှာ အနောက်ပိုင်းခရိုင် တရားရုံးကနေ ဖျက်သိမ်းဖို့ ကြားနာသွားမှာဖြစ်ပြီး ကန့်ကွက်လိုသူတွေ လာရောက်ကန့်ကွက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာဘီယာကို အဓိကဘထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) က ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
ကျန်တဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဂျပန်အဖျော်ယမကာ ကုမ္ပဏီ Kirin က ပိုင်ဆိုင်ပြီး အကျိုးတူပူး ပေါင်းထားတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပထမ လေးလပတ်အတွင်း Myanmar Brewery Limited ရဲ့ ရောင်းအား ၄၆ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဂျပန်အဖျော်ယမကာ ကုမ္ပဏီ Kirin က လွန်ခဲ့တဲ့ မေလမှာ ထုတ်ပြန်ခဲ့ပါတယ်။
နောက်ပြီး ဝင်ငွေဟာလည်း ၂၀၂၀ ခုနှစ် ပထမ လေးလပတ်နဲ့ နှိုင်းယှဉ်ရင် မြန်မာကျပ်ငွေ ၆၆ ဘီလျံ အထိ လျော့ကျခဲ့တဲ့ အနေအထားဖြစ်ပါတယ်။
Kirin ကုမ္ပဏီက စစ်တပ်နဲ့မကင်းတဲ့ Myanmar Brewery ကုမ္ပဏီကနေ အကျိုးတူပူးပေါင်းမှု ဖျက်သိမ်း သွားမယ်လို့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကြေညာထားခဲ့ပါတယ်။
Myanmar Brewery ကနေ Kirin Ichiban၊ Myanmar Premium၊ Myanmar Larger Beer၊ Andaman Gold၊ Andaman Gold Speial c၊ Andaman Gold Strong နဲ့ Black Shield Stout စတဲ့ ယမကာတို့ကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
Myanmar Brewery Limited (MBL) ကို ၁၉၉၅ ခုနှစ် မတ်လမှာ အကျိုးတူဖက်စပ်လုပ်ငန်းကြီး တစ်ခု အနေနဲ့ တည်ထောင်ခဲ့ပြီး စတင်တည်ထောင်ချိန်က အမေရိကန်ဒေါ်လာ ၆၀ မီလီယမ်နဲ့ ရင်းနှီးမြှုပ်နှံ ခဲ့တယ်လို့ Myanmar Brewery Limited ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။