၈၈ နောက်ပိုင်း ပထမဆုံး ဒီမိုကရေစီနည်းကျ ရှေ့နေများကောင်စီ ဖွဲ့စည်း
ရှစ်လေးလုံးအရေးတော်ပုံအပြီးမှာ စစ်အစိုးရ အလိုကျ ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ တရားလွှတ်တော်ရှေ့နေများကောင်စီကို လက်ရှိလွှတ်တော်က ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကို သြဂုတ်လ ၂ ရက်နေ့ကကျင်းပ ကာ ရွေးချယ်ခံရတဲ့ အဖွဲ့ဝင် ၁၁ ဦးစာရင်းကို မနေ့က ကြေညာလိုက်ပါတယ်။
-
ခင်မောင်စိုး
2020-08-04 -
-
-
ရှစ်လေးလုံးအရေးတော်ပုံအပြီးမှာ စစ်အစိုးရ အလိုကျ ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ တရားလွှတ်တော်ရှေ့နေများကောင်စီကို လက်ရှိလွှတ်တော်က ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကို သြဂုတ်လ ၂ ရက်နေ့က ကျင်းပကာ ရွေးချယ်ခံရတဲ့ အဖွဲ့ဝင် ၁၁ ဦးစာရင်းကို မနေ့က ကြေညာလိုက်ပါတယ်။
၁၉၈၈ မှာ တပ်မတော်က အာဏာသိမ်းပြီး အရင်ဆုံးဆောင်ရွက်ခဲ့တဲ့ အလုပ်တခုကတော့ မြန်မာနိုင်ငံတရားလွှတ်တော်ရှေ့နေများကောင်စီ (Bar Council ဘားကောင်စီ) ကို ဖျက်သိမ်းလိုက်ခြင်းပါပဲ။ ရှစ်လေးလုံးအရေးတော်ပုံအစ မြို့တော်ခန်းမရှေ့ ဆန္ဒပြကျောင်းသားတွေ ပစ်သတ်ခံရမှုကို နာမည်ကျော် ရှေ့နေတွေဖြစ်ကြတဲ့ ဒေါ်မြင့်မြင့်ခင်နဲ့ ဦးကိုယုတို့ ခေါင်းဆောင်တဲ့ ဘားကောင်စီက ကြေညာချက်ထုတ်ပြန် ရှုတ်ချခဲ့ရာကနေ စစ်တပ်ခေါင်းဆောင်တွေက အငြိုးထားခဲ့တာဖြစ်တယ်လို့ အခုရွေးချယ်ခံရတဲ့ အဖွဲ့ဝင် ၁၁ ဦးမှာ ပါဝင်သူ ရှေ့နေ ဦးသိန်းသန်းဦး က RFA ကို ပြောပါတယ်။
“အဲဒီကြေညာချက်က ဘာလဲဆိုတော့ မြို့တော်ခန်းမရှေ့မှာ လူတွေကို သေနတ်နဲ့ပစ်သတ်ခဲ့တာဟာ နိုင်ငံတော်အစိုးရက ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ /၁ (ခ) ကို ကြိုတင်ကြံစည်ပြီးတော့ လူသတ်တဲ့ ပြစ်မှုကို ကျူးလွန်တာ ဖြစ်တယ်ဆိုပြီးတော့ ထုတ်ပြန်ကြေညာလိုက်တာ။ အဲဒီဘားကောင်စီ ကြေညာချက်ကို ရရှိတဲ့အချိန်မှာ ကျနော်တို့ တနိုင်ငံလုံးက ရှေ့နေအသင်းတွေက ဘားကောင်စီ ကြေညာချက်ကို လိုက်နာထောက်ခံပြီး အကုန်လုံးသပိတ်မှောက်ကုန်ကြတာပဲ။ အထူးသဖြင့်တော့ သြဂုတ်လ ၁၆ ရက်နေ့မှာ မန္တလေးမြို့မှာ ကျနော်တို့ ရှေ့နေများအသင်းက သင်းလုံးကျွတ်ဆုံးဖြတ်ချက်နဲ့ မဆလ စစ်အစိုးရကို ဆန့်ကျင်တယ်ဆိုပြီး ထွက်ပြီး ဆန္ဒပြကြတယ်။ ရှေ့နေဝတ်စုံအပြည့်နဲဲ့ ၊ မျက်နှာဖုံးတွေ မပါဘူးပေါ့ဗျာ။ ရှေ့နေတွေက ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြနေကြပါသည် ဆိုတဲ့ ဆိုင်းဘုတ်ကြီးနဲ့ ချီတက်လာကြတဲ့အခါ လူတွေက အားတက်ပြီးမျက်နှာဖုံးတွေ မတပ်တော့ပဲ အကုန်လုံးပါလာကြတာပေ့ါ”
စစ်အစိုးရဟာ ဘားကောင်စီကို ရှေ့နေတွေ ရွေးချယ်တဲ့စနစ်ကနေ သူတို့ စိတ်တိုင်းကျသူတွေကို တိုက်ရိုက်ခန့်အပ်ဖို့အတွက် ဥပဒေတွေကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ ဘားကောင်စီဖွဲ့စည်းပုံကို အခု NLD အစိုးရလက်ထက်မှာ ဒီမိုကရေစီ နည်းကျ ပြင်ဆင်ရေးအတွက် ရန်ကုန်က ရှေ့နေ ဦးအောင်ကျော်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ သူတို့ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းတို့ ပူးပေါင်း ကြိုးစားခဲ့ကြတယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။ အခုတော့ ဘားကောင်စီဖွဲ့စည်းပုံဥပဒေကို လွှတ်တော်က ပြင်ဆင်လိုက်ပြီးနောက် အဖွဲ့ဝင်အသစ်တွေကို ဒီမိုကရေစီနည်းကျ ပထမဆုံး ရွေးချယ်နိုင်ခဲ့ပြီဖြစ်လို့ မြန်မာပြည် ဥပဒေလောကမှာ သမိုင်းတခေတ်သစ်ခဲ့ပြီလို့လည်း သူက ပြောပါတယ်။
ဘားကောင်စီအဖွဲ့ဝင်အဖြစ် အခု ရွေးချယ်ခံရသူတွေထဲမှာ ပါဝင်သူတဦးက NLD ရှေ့နေကြီး ဦးဉာဏ်ဝင်းပါ။
“ရှေ့နေတွေကို အရေးယူရင် ရှေ့နေတွေကပဲ ပြန်ပြီးတော့ ဦးစီးဆောင်ရွက်သင့်တယ်လေ ဒါအခြေခံအဓိကအချက်ပဲ။ သူ့အပေါ်မှာ ဥပဒေအရ ဆောင်ရွက်ဖို့ဆိုရင် ဥပဒေသမားတွေကပဲ ဆောင်ရွက်ရမယ်။ ဒီအခြေခံမူက တကမ္ဘာလုံး ကျင့်သုံးတဲ့ အခြေခံမူပါ။ ကျနော်တို့ဆီမှာလဲ နဂိုတည်းက ရှိပါတယ်။ ဒါပေမဲ့လို့ အဲဒီအလုပ်ကို မလုပ်နိုင်ကောင် စောစောပိုင်းက ပိတ်ထားတာ အခုပြန်ပွင့်တဲ့နေ့ပေါ့”
ဦးသိန်းသန်းဦးက မတရားတဲ့ ဥပဒေတွေ စီရင်ချက်တွေကို မှန်မှန်ကန်ကန်ဖြစ်အောင် သူတို့ ဘားကောင်စီအသစ်က ဆောင်ရွက်နိုင်ဖို့ ရည်မှန်းကြောင်းလည်း ပြောပါတယ်။
“စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးခင်ညွန့် ဘုန်းမီးနေလ တောက်ပနေတဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့အချိန်မှာ စီရင်ထုံးကြီးတခုထွက်ခဲ့တယ်။ ထောက်လှမ်းရေးစစ်ချက်ဟာ တရားဝင်တယ်၊ သက်သေခံဝင်တယ်လို့ ဆုံးဖြတ်ခဲ့တာ။ ဒါဟာ မြန်မာပြည်သမိုင်းမှာလုံးဝမရှိဘူး။ အဲဒါကြီးကိုလဲ အဲဒီတုန်းက ဘားကောင်စီက ဘာမှမပြောဘူး။ လက်ညှိူးထောင် ခေါင်းညိမ့်တွေ ခန့်ထားတာကိုး။ အခု ဘားကောင်စီကတော့ တကယ်ရွေးချယ်တင်မြှောက်ထားတဲ့ တကယ်အမှုလိုက်နေတဲ့ ရှေ့နေအစစ်တွေ၊ ပြည်သူတွေကို ထိခိုက်တဲ့ ဥပဒေတွေ ပြဿနာတွေနဲ့ ပတ်သက်လာရင်လည်း ကျနော်တို့ ဘားကောင်စီဟာ ဒီအတိုင်းကြည့်နေမှာမဟုတ်ဘူး။ မှန်ပါ့ဘုရားလုပ်မှာ မဟုတ်ဘူး။ ကျနော်တို့ ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်ထားပြီးတော့ ဆောင်ရွက်နိုင်တဲ့လူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဘားကောင်စီအဖွဲ့ကို ရလာတာဟာ ပြည်သူလူထုအတွက် ကြီးစွာသောအကျိုးအမြတ်ဖြစ်တယ်လို့ ကျနော်မြင်တယ်”
ဒါ့အပြင် ရှေ့နေတွေ နည်းလမ်းမကျပဲ လိုင်စင်အသိမ်းခံရတဲ့ ကိစ္စ၊ ရှေ့နေတွေ တခြား လုပ်ငန်းလုပ်ကိုင်ခွင့် မရှိတဲ့ကိစ္စ၊ တက္ကသိုလ်က ဥပဒေဘွဲ့ရပေမယ့် ဧည့်နိုင်ငံသားဖြစ်သူတွေ ရှေ့နေလိုက်ခွင့်မရှိတဲ့ကိစ္စ စတာမျိုးတွေမှာ ဘားကောင်စီက ပါဝင်ဆောင်ရွက်နိုင်တော့မှာ ဖြစ်တယ်လို့လည်း RFA ကို ဦးသိန်းသန်းဦးက ပြောပါတယ်။