မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်က ကြားခံဇုန်အတွင်း ပိတ်မိနေကြတဲ့ ဒုက္ခသည် ခြောက်ထောင့် ငါးရာကျော် ကို မူလနေရပ် ပြန်ပို့ရေးနဲ့ပတ်သက်ပြီး၊ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ ဒီနေ့ အင်္ဂါနေ့မှာ တွေ့ဆုံကြမယ်လို့ ဘင်္ဂ လားဒေ့ရှ် အာဏာပိုင်တွေက ပြောဆိုကြောင်း ရိုက်တာသတင်း ကဖေါ်ပြပါတယ်။
အဲဒီ ကြားခံဇုန်ထဲ ရောက်ရှိနေသူတွေဟာ မြန်မာဘက်နဲ့ပိုနီးပြီး၊ သူတို့ကို ပြန်ပို့ရေး ဆွေးနွေးကြဖို့ တွေ့ဆုံမှာ ဖြစ် တယ်လို့ ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေးနဲ့ ဒုက္ခသည်ပြန်ပို့ရေး ကော်မရှင်နာ မင်းကြီး မိုဟာမက် အဘူ ခါလမ် က ပြောဆိုကြောင်းလည်း ဖေါ်ပြပါတယ်။
ဒါပေမဲ့ မြန်မာဘက်က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အဲဒီလို နှစ်ဘက်ဆွေးနွေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး သိရှိမထားကြောင်း ပြောဆိုတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ပြောခွင့်ရသူကလည်း အဲဒီ ကိစ္စမှာ UNHCR ပါဝင်မှာ မဟုတ်ကြောင်း၊ ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို အရေးမထားဘဲ၊ အဓမ္မ ပြန်ပို့မှာကို စိုးရိမ်ကြောင်း ပြောပါတယ်။
နှစ်နိုင်ငံကြားက အဲဒီ ကြားခံနယ်မြေဟာ အရင်က စပါးစိုက်တဲ့ လယ်ကွင်းတွေဖြစ်ခဲ့ပေမယ့် အခုတော့ ယာယီ တဲငယ်တွေ ပြန့်ကြဲနေတဲ့နေရာ ဖြစ်နေတယ်လို့လည်း ဖေါ်ပြပါတယ်။