မြန်မာနဲ့ သြစတြေးလျ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်


2013.03.18
president-australia-305.jpg သြစတြေးလျကို ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ကို သြစတြေးလျ ဝန်ကြီးချုပ် Julia Gillard နဲ့အတူ တွေ့ရစဉ်
photo: U Ye Htut Facebook

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ သြစတြေးလျနိုင်ငံက နောက်ထပ် ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေပေးသွားဖို့ ကတိပြုလိုက်သလို ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကိုလည်း တိုးမြှင့်သွားမယ်လို့ သြစတေးလျဝန်ကြီးချုပ် Julia Gillard က ဒီနေ့မှာ ပြောလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ၃ ရက်ကြာ သြစတေးလျနိုင်ငံ ခရီးစဉ်အတွင်းမှာ ဝန်ကြီးချုပ် Julia Gillard နဲ့ ဒီနေ့ Canberra မြို့တော်မှာ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်တွေက မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ရှင်းပြခဲ့တာပါ။

ဝန်ကြီးချုပ် Julia Gillard က သြစတြေးလျနဲ့ မြန်မာအစိုးရတို့ ပူးတွဲဆောင်ရွက်ရေးအစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အဆောက်အအုံတွေ ခိုင်မာလာရေး၊ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်လာရေး ၊ စီးပွားရေး အဆောက်အအုံတွေ ခိုင်မာလာရေးအတွက် ရည်ရွယ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ ကူညီဖို့ သဘောတူခဲ့တာဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၁၅ ခုနှစ်မှာ သြစတြေးလျနိုင်ငံရဲ့ အကူအညီကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါးအထိ တိုးမြှင့်ကူညီသွားမယ်လို့လည်း ဝန်ကြီးချုပ် Julia Gillard က ထည့်သွင်းပြောခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ဆီ အကူးအပြောင်းကာလမှာ ရှိနေသလို၊ နှစ်ပေါင်း ၆၀ ကြာ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းနေရမှုအပြင် ပြည်သူတွေကို ဆင်းရဲတွင်းကနေ ကယ်ထုတ်နိုင်အောင် ခေတ်မီစီးပွားရေးစနစ်တခုကို ကြိုးပမ်းနေရတဲ့အတွက် ကမ္ဘာကြီးမှာ မကြုံဖူးသေးတဲ့ သုံးပွင့်ဆိုင် အပြိုင်ပြုပြင်ပြောင်းလဲမှုတွေကို တပြိုင်နက်တည်း ကြိုးပမ်းနေရတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

သြစတြေးလျနဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာရာမှာ ကာကွယ်ရေးဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း သဘောတူညီချက်တွေ ရခဲ့တယ်လို့ဆိုပါတယ်။  မကြာခင်ကာလမှာ သြစတြေးလျ စစ်သံမှူးရုံး မြန်မာနိုင်ငံမှာ ဖွင့်လှစ်တော့မှာဖြစ်သလို၊  မြန်မာ့တပ်မတော် အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့အတွက် သြစတေးလျက နည်းပညာအကူအညီ ပေးသွားမယ်လို့လည်း သြစတေးလျအစိုးရရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

စစ်လက်နက်ပစ္စည်းရောင်းဝယ်မှု ကန့်သတ်ထားတာကိုတော့ ဆက်လက်ထားရှိသွားမယ်လို့လည်း ဝန်ကြီးချုပ် Julia Gillard က ပြောခဲ့ပါတယ်။

ဒါ့အပြင် သြစတြေးလျက ချမှတ်ထားတဲ့ မြန်မာခေါင်းဆောင်တွေ ခရီးသွားလာခွင့် ပိတ်ပင်ထားတာကိုလည်း ရုပ်သိမ်းပေးတော့မှာဖြစ်သလို ရန်ကုန်မြို့မှာ ကုန်သွယ်ရေးဆက်ဆံရေးရုံးလည်း ဖွင့်လှစ်သွားမယ်လို့လည်း သြစတြေးလျ အစိုးရကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။