ထိုင်းရောက် မြန်မာလုပ်သား ၅၀၀ နီးပါး ဖမ်းဆီးခံခဲ့ရ

ထိုင်းနိုင်ငံက မဲဆောက်၊ မယ်လမ၊ ဖုတ်ဖရ နဲ့ ထဆောင်ရန်းမြို့နယ်တွေမှာ အထောက် အထားမဲ့လုပ်သားနဲ့ ကလေးလုပ်သားတွေ ကို ဒီလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ စီမံချက်နဲ့ ဖမ်းဆီး အရေးယူရာမှာ မြန်မာလုပ်သား ၅၀၀ နီးပါးဖမ်းဆီးခံခဲ့ရ တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော် မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ကို တွေ့ရစဉ်

ထိုင်းနိုင်ငံက မဲဆောက်၊ မယ်လမ၊ ဖုတ်ဖရနဲ့ ထဆောင်ရန်း မြို့နယ်တွေမှာ အထောက်အထားမဲ့ လုပ်သားနဲ့ ကလေးလုပ်သားတွေကို ဒီလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ စီမံချက်နဲ့ ဖမ်းဆီးအရေးယူရာမှာ မြန်မာလုပ်သား ၅၀၀ နီးပါးဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

ဖမ်းဆီးခံရသူ ၅၀၀ ထဲက ၃၀၀ လောက်ဟာ အချုပ်နဲ့ထောင်တွေထဲမှာရှိနေတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

"ရဲအချုပ်တို့ လဝကထောင်တွေထဲမှာထားတာ ၃၀၀ ဝန်းကျင်လောက်ပဲရှိတယ်။ ကျန်တဲ့လူတွေကတော့ အလုပ်ရှင်ကို ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်လိုက်တာ။ မဲဆောက်ရယ်၊ မဲဆောက်မြို့တောင်ဘက်မှာရှိတဲ့ ဖုတ်ဖရ ရယ်၊ မဲဆောက်မြို့မြောက်ဘက်မှာရှိတဲ့ မယ်လမရယ် မဲဆောက်မြို့မြောက်ဘက်မှာရှိတဲ့ ထဆောက်ရန်းရယ် အဲဒီ ၄ မြို့နယ်မှာ ဖမ်းတဲ့ အဖမ်းအဆီးတွေကို ပြောတာဖြစ်တယ်။စုစုပေါင်း ၄၅၀ ကနေ ၅၀၀ လောက်ရှိမယ်။ သို့သော် အချုပ်တွေနဲ့ ထောင်တွေထဲရောက်တာ ၃၀၀ ထက်မပိုဘူး"

ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေအရ အထောက်အထားမဲ့အလုပ်သမားတွေ ဖမ်းဆီးခံရတဲ့အခါ ၄၅ ရက် အချုပ်ကျခံ ရကြောင်းနဲ့ အချုပ်မကျခံလိုသူတွေဆိုရင် တရက်ကို ဘတ်ငွေ ၅၀၀ ပေးပြီး အပြင်မှာ နေထိုင်ခွင့်ရနိုင်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အသက် ၁၅ နှစ်အောက် လုပ်သားတွေကို ကလေးလုပ်သားလို့ သတ်မှတ်ပြီး ၁၅ နှစ်ကနေ ၁၈ နှစ် ကြား လုပ်သားတွေကို လူငယ်လုပ်သားလို့ သတ်မှတ်တာဖြစ်ပါတယ်။ ကလေးလုပ်သားတွေကို ဖမ်းဆီးမိတဲ့အခါ ပြုပြင်ထိန်းသိမ်းရေးစခန်းတွေမှာ ရက် ၉၀ ထက်မပိုဘဲ အစိုးရဘက်က ထိန်းသိမ်းထားနိုင်ပါတယ်။

အထောက်အထားမဲ့လုပ်သားနဲ့ ကလေးလုပ်သားတွေခိုင်းစေတာဟာ ထိုင်းနိုင်ငံပုံရိပ်ကို ကျဆင်းစေတဲ့အတွက် စီမံချက်ကာလ ၅ ရက်ပြီးနောက်ပိုင်းမှာလည်း ဖမ်းဆီးအရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြောကြားထားတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်ဒေသ မြို့နယ် ၉ မြို့နယ်မှာ မြန်မာလုပ်သား ၄ သိန်းရှိပြီး အဲဒီထဲမှာ အထောက်အထားမဲ့ အလုပ်သမား အများအပြားရှိနေတယ်လို့လည်း ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org