မဲဆောက်က မြန်မာနိုင်ငံသား တစ်ရာကျော် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဈေးရောင်းချနေ တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းတာဝန် ရှိသူတွေက မနေ့ကစပြီး ဖမ်းဆီးနေရာ မြန် မာနိုင်ငံသား တစ်ရာကျော်လောက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
-
2017-02-28 -
-
-
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဈေးရောင်းချနေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းတာဝန်ရှိသူတွေက မနေ့ကစပြီး ဖမ်းဆီးနေရာ မြန်မာနိုင်ငံသား တစ်ရာကျော်လောက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
ထိုင်းလဝကရဲနဲ့ စည်ပင်ရဲတို့ ပူးပေါင်းဖမ်းဆီးနေတာဖြစ်ပြီး မြန်မာနိုင်ငံသားဈေးသည် တစ်ရာကျော်လောက် ဖမ်းဆီးခံထားရတယ်လို့ မြန်မာနိုင်ငံသားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုး က ပြောပါတယ်။
"မနေ့ကဖမ်းဆီးတာဖြစ်ပါတယ်။ တစ်ရာကျော်ပါတယ်။ ရေတွက်ပြီးအတည်ပြုပြီး ပြောတာ မဟုတ်ပေမယ့် ထိုင်းလဝကရဲ အချုပ်ခန်းတွေမှာ အဝင်အထွက်လုပ်နေတာကိုကြည့်ပြီး ခန့်မှန်းရေတွက်တာပါ။ အဲဒီမကတောင်ရှိနိုင်ပါတယ်"
ဈေးဆိုင်ခန်းဖွင့်လှစ်ရောင်းချသူတွေကို အဓိကဖမ်းဆီးနေတာဖြစ်ပြီး လက်တွန်းလှည်းနဲ့ ဈေးရောင်းချသူတွေကိုပါ ဖမ်းဆီးနေတယ်လို့ ဦးမိုးကြိုး က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ရွှေ့ပြောင်းအလုပ်သမားဈေးသည်တွေ ဈေးမရောင်းရဆိုတဲ့ ဥပဒေထုတ်ပြန်ထားပြီး မြန်မာနိုင်ငံသားဈေးသည်တွေကို မကြာခဏဖမ်းဆီးမှုတွေ ဆောင်ရွက်နေ တာ ဖြစ်ပါတယ်။
အရင်ကဖမ်းဆီးခံရသူတွေကို ဒဏ်ငွေရိုက်ပြီး နာရီပိုင်းအတွင်း ပြန်လည်လွှတ်ပေးတာတွေရှိပေမယ့် ဒီတစ်ခေါက်ဖမ်းဆီးမှုမှာ ထောင်ဒဏ်ပါချနိုင်ဖွယ်ရှိတယ်လို့ ဦးမိုးကြိုး က ပြောပါတယ်။
ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၂ သိန်းခွဲကျော်ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။