မြန်မာလုပ်သားများရဲ့ ကလေးများ ဗီဇာရရှိရေး ထိုင်းအစိုးရနဲ့ ညှိနှိုင်း
2013.10.31
ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများရဲ့ အသက် ၁၅ နှစ်အောက် သားသမီးများကို နှစ်နိုင်ငံသဘောတူထားပြီးဖြစ်တဲ့ နေထိုင်ခွင့် မှီခိုဗီဇာထုတ်ပေးရေး ကိစ္စနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက မနေ့က ထိုင်း ပြည်ထဲရေး ဒု-ဝန်ကြီး ဝီဆန် တီချာတီရာဝပ် (Mr. Visarn Techateerawat) နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာအစိုးရညွှန်ကြားချက်နဲ့ မြန်မာအလုပ်သမားများရဲ့ကလေးငယ်တွေကို ယာယီပတ်စပို့စ် ထုတ်ထားပေးခဲ့ပေမယ့် ထိုင်းအစိုးရက ဒီကလေးအတော်များများကို နေထိုင်ခွင့် မှီခိုဗီဇာထုတ်မပေးတဲ့အတွက် အခုလို သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တာလို့ သိရပါတယ်။
ဒီလိုဆွေးနွေးခဲ့ရာမှာ အဓိကအားဖြင့် အချက် ၂ ချက်ကို တင်ပြဆွေးနွေးခဲ့တာဖြစ်ကြောင်း သံအမတ် ကြီးနဲ့အတူ သွားရောက်ဆွေးနွေးခဲ့တဲ့ အလုပ်သမားရေးရာသံအရာရှိ ဦးကျော်ကျော်လွင်က အခုလို ပြောပါတယ်။
“ကျနော်တို့ အဓိက (၂) ချက်ကို ပြောခဲ့တာ၊ ပထမအချက်ကတော့ ကျနော်တို့ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ မှီခိုသားသမီးတွေ သူတို့ရဲ့ ယာယီပတ်စပို့စ်တွေမှာ ဗီဇာမရသေးတဲ့ကိစ္စ၊ နောက်တစ်ခုကတော့ ဒီရွှေ့ပြောင်းအလုပ်သမားတွေကို အထောက်အထားတွေရရှိပြီး နောက်ပိုင်းတောင်မှ တချို့နေရာတွေမှာ အဖမ်းခံနေရတဲ့ကိစ္စတွေ ရဲတွေခဏခဏ စစ်ဆေးမေးမြန်းပြုတဲ့ကိစ္စတွေ၊ အဲဒီကိစ္စတွေကို စောင့်ရှောက်ပေးဖို့သွားပြောတာ၊ အဲဒီပြည်ထဲရေး ဒုတိယဝန်ကြီးက သူတို့ဌာနအတွင်းမှာ တင်ပြပြီးတော့ ဆောင်ရွက်ပေးပါ့မယ်တဲ့၊ မနေ့ကလည်း သူတို့ ၁၀ နာရီမှာ အစည်းအဝေးရှိတယ်ပြောတယ်၊ အဲဒီ internal အစည်းအဝေးမှာ သူတို့ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို သူတစ်ခါတည်း ပြောပေးပါ့မယ်ဆိုပြီး ပြောခဲ့တယ်”
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်က ထုတ်ပြန်တဲ့ ထိုင်းအစိုးရရဲ့ သဘောတူညီချက်ထဲမှာ ယခုနှစ် အစမှာ မှတ်ပုံတင်အသစ်တင်ပြီး ယာယီပတ်စပို့စ်လျှောက်ထားခွင့်ရတဲ့ မြန်မာအလုပ်သမား ၆ သိန်းခွဲရဲ့ကလေးငယ်တွေကို မှီခိုဗီဇာထုတ်ပေးမယ်လို့ ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့၂၀၀၉ခုနှစ်ကတည်းက နိုင်ငံသားစိစစ်ရေးပြုလုပ်ပြီး ယာယီပတ်စပို့် ကိုင်ဆောင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၇ သိန်းကျော်ရဲ့ ကလေးငယ်တွေကတော့ အကျုံးမဝင်ဘူးလို့ သိရပါတယ်၊
ထိုင်းနိုင်ငံအတွင်းမှာ လာအို၊ ကမ္ဘောဒီးယားအပါအဝင် မြန်မာယာယီပတ်စပို့စ်ကိုင်ဆောင်ပြီး မှီခိုဗီဇာရရှိထားတဲ့ အသက်(၁၅) နှစ်အောက် ကလေးငယ်ပေါင်း (၂၀၀၀) ကျော်ရှိတယ်လို့ အလုပ်သမားရေးအဖွဲ့တွေရဲ့ စာရင်းဇယားအရသိရပါတယ်။