ဝါရှင်တန်မှာ မြန်မာ့အရေး ဆွေးနွေး
2015.02.05
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အဓိကကျော်လွှားရမယ့် ပြဿနာတွေ အများအပြားရှိနေ တယ်လို့ မြန်မာ့ရေးရာဆွေးနွေးပွဲတစ်ရပ်မှာ မနေ့က သုံးသပ်ပြောဆိုခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမြို့မှာ အေးရှားဖောင်ဒေးရှင်းက ကမကထပြုပြီး ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ တဲ့ မြန်မာ့လူ့ဘောင်အပြောင်းအလဲနဲ့ အစိုးရ ပြုပြင်ပြောင်းလဲမှုအပေါ် သုံးသပ်ခြင်းဆိုတဲ့ ဆွေးနွေးပွဲမှာ ဟောပြော သူတွေ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီဆွေးနွေးပွဲမှာ မြန်မာ့ဖွံ့ဖြိုးရေးရင်းမြစ်ဌာန၊ ဆက်သွယ်ရေးနဲ့ သင်တန်းဆိုင်ရာညွှန်ကြားရေးမှူး ဦးတင်မောင်သန်းနဲ့ အေးရှားဖောင်ဒေးရှင်းက မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ် ညွှန်ကြားရေးမှူး မက်သယူး အာနိုးတို့က မြန်မာနိုင်ငံ အစိုးရနဲ့ အရပ်ဘက်ကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး တင်ပြခဲ့ကြပါတယ်။
မြန်မာ့အပြောင်းအလဲ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဦးတင်မောင်သန်းက RFA ကို အခုလို ပြောကြားပါတယ်။
"အလုပ်စခန်းအဆင့်ကို ပြောင်းကြပြီဆိုတဲ့အခါကျတော့ အထွေထွေအဖွဲ့အစည်းဆိုင်ရာ ကိစ္စတွေ နောက်ပြီးတော့ ကျင့်ထုံးပိုင်းဆိုင်ရာကိစ္စတွေ၊ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ စပြီးတော့ ကိုင်တွယ်ကြရပြီပေါ့နော်၊ နှစ်ပေါင်း ၆ဝ လောက်ကြာပြီရှိလာခဲ့တဲ့၊ မြဲနေတဲ့ ဒီအဖွဲ့အစည်းဆိုင်ရာ ကျင့်ထုံးပိုင်းဆိုင်ရာ၊ အပြုအမူဆိုင်ရာကိစ္စတွေကို တကယ်ပြောင်းကြပြီ ဆိုတဲ့အခါကျတော့ ဒါဟာ အချိန်ယူကြရတယ်ပေါ့နော်၊ ဆိုတော့ ကျနော်တော့ အဲ့အဆင့် ကိုရောက်နေပြီတယ်၊ လမ်းကြောင်းပေါ်တော့ ပြုပြင်ပြောင်းလဲရေးတော့ရောက်နေပြီ၊ ဘီးတော့စလှိမ့်နေပြီ၊ ဒါပေမယ့် အရှိန်အဟုန်ရပြီလားဆိုတော့ ရတယ်လို့ ကျနော်အဲ့လိုတော့ မထင်သေးဘူးပေါ့"
ဒါ့ပြင် မြန်မာ့အရပ်ဘက် လူ့ဘောင် အပြောင်းအလဲတွေအပေါ် ကောက်ယူခဲ့တဲ့ လူထုသဘောထား ကောက်ခံ ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း မေတ္တာဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက အမှုဆောင် ညွှန်ကြားရေးမှူး ဦးစိုင်းဆမ်ခမ်း၊ အေးရှား ဖောင်ဒေးရှင်းက မြန်မာဌာနကိုယ်စားလှယ် မစ္စ ကင်မ်နန်းတို့က တင်ပြခဲ့ကြပါတယ် ။ တွေ့ရှိခဲ့ရတဲ့ အချက်အလက်တွေအရ သဘောထားပေးခဲ့သူ အများစုဟာ အစိုးရနဲ့ အစိုးရအဖွဲ့ အလုပ်လုပ်ပုံ၊ ဒီမိုကရေစီနဲ့ တာဝန်ယူမှု အဓိပ္ပာယ် စတာတွေကို ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန် မသိကြသေးသူတွေ များနေသေးတာတွေ့ရသလို၊ လူထုကြားမှာ အရာရာကို မယုံကြည်စိတ်တွေ လွှမ်းမိုးနေတာ တွေ့ရတယ်လို့လည်း တင်ပြခဲ့ကြပါတယ်။ ဒါ့ပြင် အသွင်ကူးပြောင်းရေးမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက် ပြီးတော့လည်း ဆွေးနွေးခဲ့ကြပါတယ်။
ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်က ဧည့်ပါမောက္ခ ဒေးဗစ် စတိုင်းဘက်နဲ့ တခြားပညာရှင်နှစ်ဦးတို့ကလည်း မြန်မာနိုင် ငံရေးမြင်ကွင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာ့ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဦးတင်မောင်သန်းကို ဦးသစ်ဆင်းက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။