မြန်မာအလုပ်သမား ၂၁ ဦး သေဆုံး
2018.03.30

ထိုင်းနိုင်ငံမှာ MOU နဲ့ တရားဝင် အလုပ်လုပ်ကိုင်ဖို့အတွက် သွားရောက်ကြတဲ့ မြန်မာအလုပ်သမားတွေရဲ့ ကားတစ်စီးဟာ ဒီကနေ့ မတ်လ ၃၀ရက်နေ့ မနက်အစောပိုင်းက ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲမှာ မီးလောင်ကျွမ်း ခဲ့ပြီး မြန်မာအလုပ်သမား ၂၁ ဦး မီးလောင်သေဆုံးခဲ့ရပါတယ်။
ကားပေါ်မှာ မြန်မာအလုပ်သမား ၄၇ ဦး လိုက်ပါလာကြတာဖြစ်ပြီး ဒဏ်ရာရတဲ့သူတွေကတော့ တာ့ခ်ခရိုင် က ဆေးရုံကြီးမှာ ဆေးကုသခံယူနေတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ AACအဖွဲ့ တာဝန်ခံ ဦးရဲမင်းကပြောပါတယ်။
‘’အားလုံး ၄၇ ယောက်ပါတဲ့ကားမှာ ၂၁ ယောက် မီးလောင်ပြီး သေဆုံးသွားပါတယ်၊ ဒဏ်ရာရသူတွေ ကိုတော့ တာ့ခရိုင်ဆေးရုံကြီးကို ပို့လိုက်ပါပြီ၊ သူတို့ကတော့ မဲဆောက်ကနေပြီးတော့ ထိုင်းနိုင်ငံထဲကို လာတဲ့ MOU အလုပ်သမားတွေပါ၊ ကားကတော့ မှန်လုံကားအကြီးပေါ့နော်၊ ကားထဲမှာပဲ သေကုန် တာပေါ့နော်၊ အလောင်းတွေကတော့ မီးလောင်မှုက ပြင်းထန်တဲ့အတွက် သေတဲ့သူတွေကတော့ ကျားမခွဲခြားလို့မရသေးဘူး’’
အဲဒီ ကားထဲမှာ လိုက်ပါလာသူတစ်ဦးက ဆေးလိပ်သောက်ရာကနေ မီးပွားကတဆင့် မီးလောင်ခဲ့တာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ကနဦး စစ်ဆေးချက်အရသိရပြီး မီးလောင်သေဆုံးသူတွေကိုတော့ ကျား မ ခွဲခြားလို့မရသေးဘူးလို့ ဦးရဲမင်း ကပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကတဆင့် ခရီးသည်တင် မှန်လုံကားနဲ့ ထွက်ခွာလာခဲ့ကြတာဖြစ်ပြီး သူတို့တွေဟာ ဘန်ကောက်မြို့မှာ သွားရောက်အလုပ်လုပ်ကြမယ့် မြန်မာအလုပ်သမားတွေဖြစ်ပါတယ်။
အဲဒီ အလုပ်သမားတွေကို မြန်မာနိုင်ငံက Star Pioneer အလုပ်သမားအေဂျင်စီကတဆင့် ပို့ဆောင်ခဲ့ပေးတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မဲဆောက်မြို့ဆိုင်ရာ အလုပ်သမားသံအရာရှိကြီးတွေနဲ့ Star Pioneer အေဂျင်စီက လိုက်လံ အကူအညီပေးနေတယ်လို့ ဦးရဲမင်း ကပြောပါတယ်။