မြိုင်မြို့ ရွာနှစ်ရွာမှာ ဒေသခံငါးဦး သတ်ဖြတ်ခံရ

RFA Burmese
2022.12.25
မြိုင်မြို့ ရွာနှစ်ရွာမှာ ဒေသခံငါးဦး သတ်ဖြတ်ခံရ မီးရှို့ခံရသည့် မြိုင်မြို့နယ် ကျောက်ဆောက် (တောင်) ရွာမှ နေအိမ်အချို့ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်က တွေ့ရစဉ်။
နွေဦးတော်လှန်ရေး - မြိုင်

မကွေးတိုင်း၊ မြိုင်မြို့နယ် ဖောင်းကွဲနဲ့ ကျောက်ဆောက်(တောင်) က ရွာခံငါးဦးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပခုက္ကူဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကြောင်း ရွာထဲဝင်ရောက်ပြီး သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက် မနက်အစောပိုင်းမှာ ဖောင်းကွဲရွာကို ဝင်ရောက်ခဲ့ပြီး ဒေသခံအမျိုးသား လေးဦးနဲ့ နေ့လယ်ပိုင်းမှာ ကျောက်ဆောက်(တောင်)ရွာက အသက် ၈၀ အရွယ် အမျိုးသား တစ်ဦးကို သတ်ဖြတ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ဖောင်းကွဲနဲ့ တောင်ရွာက ရွာချင်းဆက်နေတာ။ ဖောင်းကွဲရွာထဲ စစ်ကြောင်းဝင်ပြီး ဒေသခံလေးဦးကို သတ်သွားတာ။ သေတဲ့သူတွေထဲ စိတ်မနှံ့တဲ့သူလည်းပါတယ်။တစ်ယောက်ဆိုရင် ခေါင်းကြေမွနေတာပဲ။ သေနတ်ဒင်နဲ့ ထုထားတာ။ အဲဒီနေ့မှာပဲ တောင်ရွာထဲဝင်လာပြီး ထွက်မပြေးနိုင်တဲ့ အဖိုးကြီးတစ်ဦး မီးရှို့ အသတ်ခံလိုက်ရတယ်။ တောင်ရွာမှာလည်း နေအိမ် ၅၀ ဝန်းကျင်လောက် မီးလောင်သွားတယ်”

ဖောင်းကွဲရွာက သေဆုံးသူလေးဦးဟာ အသက် ၃၀ ကနေ ၅၀ ဝန်းကျင်အရွယ် အမျိုးသားတွေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီနေ့မှာပဲ တယ်ပင်ရွာနဲ့ ကျောက်ဆောက်(တောင်)ရွာကြားမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်က တစ်ဦးသေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒေသခံငါးဦးကို စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်အာဏာသိမ်း ၂၂ လအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မကွေးတိုင်းက နေအိမ် ၇,၈၁၈ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ဒီဇင်ဘာလ ၂၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်အထိ နိုင်ငံတစ်ဝန်းပြည်သူ ၂,၆၄၁ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။