ဒုက္ခသည်တွေကို ဘေးကင်းရာ ပြောင်းရွှေ့ပေးဖို့ ကုလတိုက်တွန်း

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး António Guterres ကို တွေ့ရစဉ်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး António Guterres ကို တွေ့ရစဉ် (Photo: RFA)

မြန်မာနိုင်ငံကထွက်ခွာသွားကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာနေထိုင်ကြတဲ့ ရိုဟင်ဂျာတွေအနေနဲ့ မကြာခင်ရောက်လာတော့မယ့် မုတ်သုန်ရာသီမှာ ရေလွှမ်းမိုးမှုအပါအဝင် တခြားအန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့ အခုသူတို့ရှိနေတဲ့နေရာတွေကနေ ရွှေ့ပြောင်းပေးသင့်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂုတာ ရက်စ်က ဒီကနေ့ ပြောလိုက်ပါတယ်။

ဒုက္ခသည် ၁ သိန်းခွဲလောက်ဟာ ကောက်ဆက်ဘဇားပြည်နယ်ထဲက ရေလွှမ်းမိုးခံရနိုင်တဲ့ စခန်းတွေမှာနေရပြီး ဇွန်လလောက်မှာစတင်မယ့် မိုးရာသီအတွင်း ကာလဝမ်းရောဂါလို အန္တရာယ်တွေနဲ့လည်း ရင်ဆိုင်ရဖွယ်ရှိတယ်လို့ အန်တိုနီးယိုဂုတာရက်စ်က နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ် ပါတယ်။

ဒုက္ခသည်တွေကို နေရာရွှေ့ပြောင်းပေးရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြောဆိုထားပြီး ကုန်းမြင့်ရာဒေသတွေကို ရွှေ့ပြောင်းပေးဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်၊ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေဟာ ဒုက္ခသည်တွေကို ဘယ်နေရာရွှေ့ပြောင်းပေးမလဲဆိုတဲ့ကိစ္စကို ဆက်လက်ဆွေးနွေးနေဆဲဖြစ်တယ်လို့ သူကဆို ပါတယ်။ သတင်းတွေမှာတော့ ဒုက္ခသည်တွေကို ဝေးလံတဲ့ကျွန်းတွေဆီ ပို့မှာဖြစ်တယ်လို့ ရေးသားကြပါတယ်။