ကျောက်တန်းမြို့နယ် ရွှေမှော်ဝန်းခန်းမမှာ ထိန်းသိမ်းထားတဲ့ မွတ်စလင်ဒုက္ခသည် ၁၀၆ ဦးကို လူမှောင်ခိုတင်ပို့ လိုက်သူတွေဆိုပြီး ရခိုင်ပြည်နယ် ပေါက်တောမြို့ အနောက်ရဲဒုက္ခသည်စခန်းက မွတ်စလင်နှစ်ဦးကို ရဲတပ်ဖွဲ့က ဒီနေ့ ဝင်ရောက်ဖမ်းဆီးရာမှာ သေနတ်ပစ်ဖောက်လူစုခွဲခဲ့တဲ့အတွက် သေနတ်ကျည်ထိမှန်သူ ၄ ဦး ရှိတယ်လို့ သိရပါတယ်။
ဒုက္ခသည်စခန်းက မွတ်စလင်နှစ်ဦးကို ဆင်တက်မော် ရဲကင်းစခန်း၊ ဆင်တက်မော် အခြေချ အမှတ် ၁၂ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ အနောက်ရဲလုံခြုံရေးရဲကင်းက တာဝန်ရှိသူတွေက စခန်းအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုဖမ်းဆီးရာမှာ ကယ်ဆယ်ရေးစခန်းက ရာနဲ့ချီတဲ့ ဒုက္ခသည်တွေက တားမြစ်တာကြောင့် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အနောက်ရဲကယ်ဆယ်ရေးစခန်းက ဒုက္ခသည်တွေကတော့ ဖမ်းဆီးခံရတဲ့ မွတ်စလင်နှစ်ယောက်ဟာ လူမှောင်ခို တင်ပို့သူတွေ မဟုတ်ကြောင်းနဲ့ အဲဒီနှစ်ယောက်အပါအဝင် သေနတ်ကျည်ထိမှန်သူ ၄ ယောက် ရှိတယ်လို့ ပြောပါတယ်။
မွတ်စလင်ဒုက္ခသည် ၁၀၆ ဦးကိုတော့ ဒီနေ့မှာပဲ ရှုခင်းသာ ရေတပ်စခန်း ကနေ ရေတပ်သင်္ဘောနဲ့ စစ်တွေမြို့ကို ပြန်လည်ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ကို ရောက်ရှိလာတဲ့ မွတ်စလင် ဒုက္ခသည် ၁၀၆ ဦးကို ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အနောက်ရဲဒုက္ခသည်စခန်းက မွတ်စလင်နှစ်ဦးက လူမှောင်ခိုတင်ပို့လိုက်တာဆိုပြီး ရဲကင်းစခန်း၊ လုံခြုံရေးရဲတပ်ဖွဲ့နဲ့ လုံခြုံရေးရဲတပ်ဖွဲ့က ဒီနေ့ ဒုက္ခသည်စခန်းထဲ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က သေနတ်နဲ့ အချက် ၂၀၀ လောက် ပစ်ခတ်ခဲ့တယ်လို့ အနောက်ရဲဒုက္ခသည်စခန်းက ကိုမောင်မောင်အေး က ပြောပါတယ်။
"မဟုတ်ဘူးဆိုတာက အဲဒီစက်လှေက ရောင်းလိုက်ပြီ။ အဲဒါကို အစိုးရက ပြောချင်တာက မင်းတို့ ဒုက္ခသည်စခန်းက ထွက်တာ၊ မင်းတို့ပဲ လူကုန်ကူးမှုပဲလုပ်နေတာလို့ စွပ်စွဲပြီး သူတို့ကို လိုက်ဖမ်းတာပါဗျ။ လိုက်ဖမ်းပြီး လူအုပ်တွေမြင်တာနဲ့ လှမ်းပစ်တယ်။ သေနတ်ကျည်ကတော့ အချက် ၂၀၀ ကျော်လောက်တော့ ပစ်တယ်။ ကျနော်တို့ ဒုက္ခသည်စခန်းမှာတော့ လူကုန်ကူးမှုမရှိပါဘူး။ တခြားစခန်းတွေမှာ ရှိမရှိတော့ ကျွန်တော်တို့လည်း လေ့လာမှုမရှိပါဘူး"
ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သူတွေဟာ လူကုန်ကူးမှု ကျူးလွန်သူတွေ မဟုတ်သလို ကျောက်တန်းမြို့ကို ရောက်လာတဲ့ ဒုက္ခသည်တွေစီးခဲ့တဲ့ စက်လှေဟာလည်း အဲဒီစခန်းကနေ စစ်တွေဒေသခံတစ်ဦးကို ရောင်းချလိုက်တာ ၁ လကျော်ကြာမြင့်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ဘက်ကတော့ အနောက်ရဲဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဒုက္ခသည်တွေက ဝင်ရောက်ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ကို ဝိုင်းဝန်းပိတ်ဆို့ပြီး တာဝန်ရှိသူတွေကို ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေ ရှိတာကြောင့် သေနတ်ပစ်ခတ်လူစုခွဲခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ဘက်က ပြောပါတယ်။
အနောက်ရဲလုံခြုံရေး ရဲကင်းစခန်းက ရဲအုပ်ကျော်စိန်ကို RFA က ဆက်သွယ်မေးမြန်းချိန်မှာ အခုလို ပြောတာပါ။
"၁၀၆ ယောက်နဲ့ ပတ်သက်လို့ ဒီ IDP စခန်းက နှစ်ယောက်ပါတယ်လို့ ပြောတယ်။ ရန်ကုန်ကနေ ပြောလို့ ကျွန်တော်တို့က သွားဖမ်းတာ။ သူတို့က တရားခံကို လုတာပေါ့။ ခဲတွေနဲ့ ဝိုင်းပစ်တာပေါ့။ လူသုံးလေးရာလောက်က ဝိုင်းတာပေါ့။ လူတွေက အများကြီးဆိုတော့ အချက် ၁၀၊ ၂၀ လောက် ပစ်တာပေါ့"
ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဒုက္ခသည်စခန်းက လူ ၄ ဦးသေနတ်ကျည်ဆံထိမှန်ခဲ့ပြီး ၂ ဦးကို စစ်တွေဆေးရုံကို အရေးပေါ် တင်ထားရတယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ ကျောက်တန်းမြို့ကို ရောက်ရှိနေတဲ့ မွတ်စလင်ဒုက္ခသည် ၁၀၆ ဦးကို စစ်တွေမြို့ကို ရေတပ်က သင်္ဘောနဲ့ ဒီနေ့ ပို့ဆောင်လိုက်ပါတယ်။
အဲဒီဒုက္ခသည်တွေ ကျောက်တန်းမြို့နယ် သံတဲကျေးရွာကို ရောက်ရှိလာတဲ့ နိုဝင်ဘာလ ၁၆ရက်နေ့ကစပြီး ပြန်လည်ပို့ဆောင်တဲ့ ဒီနေ့အထိ အာဏာပိုင်တွေက သတင်းမီဒီယာတွေကို သတင်းရယူခွင့် ပိတ်ထားခဲ့ပါတယ်။
ပြန်လည်ပို့ဆောင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒီကနေ့မှာ သတင်းမီဒီယာတွေ သတင်းရယူဖို့ ခွင့်တောင်းခဲ့ပေမယ့် တပ်မတော်က သတင်းယူခွင့်မပြုကြောင်း ရေတပ်စခန်းဂိတ်ပေါက်က လုံခြုံရေးတာဝန်ရှိသူတစ်ဦးနဲ့ တပ်အရာရှိ တစ်ဦးက ပြောတာဖြစ်ပြီး နိုင်ငံပိုင်မီဒီယာတွေကိုသာ ရေတပ်စခန်းထဲကို ဝင်ခွင့်ပေးထားပါတယ်။
"ဝင်ခွင့်မပေးတာ ကျွန်နော်တို့ ရေတပ်က ဝင်ခွင့်မပေးတာ"
အဲဒီဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ် သက်ကယ်ပြင်ကျေးရွာ အနီးက နာဇီဒုက္ခသည်စခန်းက ဖြစ်တယ်လို့ သိရပါတယ်။
သူတို့ဟာ မလေးရှားနိုင်ငံကို ထွက်ခွာဖို့အတွက် ငွေကျပ် ၅ သိန်းပေးပြီး လိုက်ခဲ့တာ ဖြစ်ပြီး လမ်းခရီးမှာ ရက် ၂၀ ကျော်ကြာမြင့် ခဲ့သလို အမျိုးသမီးတစ်ဦးဟာလည်း ဝမ်းပျက်ရောဂါနဲ့ အားနည်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက အဲဒီဒုက္ခသည်တွေဟာ မလေးရှားနိုင်ငံဆီ လူကုန်ကူးခံရတဲ့ အခြေအနေဖြစ်ပေါ်မှာ စိုးရိမ်တယ်လို့ RFA က ဆက်သွယ်မေးမြန်းမှုမှာ ပြောပါတယ်။
" လက်ရှိထိ အဲ့ဒီစက်လှေရှိနေတယ်၊ စက်လှေပိုင်ရှင်ဘယ်သူလည်း၊ ဘယ်နှစ်ခေါက်ပို့ပြီးသွားပြီလည်း၊ အဲဒီလူတွေ အကုန်လုံးကို မလေးရှားပို့မယ်ဆိုပြီး ခေါ်လာခဲ့တာ၊ ဘယ်နခေါက်လုပ်ပြီးပြီလည်း၊ အဲဒီမှာ ဘယ်သူတွေ ပါဝင်ပတ်သက်နေလည်း ဒါက အမတို့ နိုင်ငံအတွက် အရေးကြီးတာ၊ သူတို့က အသုံးချခံပဲဖြစ်မှာလေ၊ ဒါတွေကိုပြပြီးတော့မှ ပရောဂျက်ရှာမယ့်သူကတစ်မျိုး၊ လူကုန်ကူးမယ့်သူကတစ်မျိုး၊ လှုပ်ရှားမယ့်သူကတစ်မျိုးလေ ဒါတွေက အသုံးချခံတွေပဲဖြစ်သွားမှာ၊ အမတို့က လူသားချင်းစာနာတယ်၊ နိုင်ငံသားဖြစ်တည်ပြီဆိုရင် ဖြစ်သင့်ဖြစ်ထိုက်တဲ့သူတွေ နိုင်ငံသားဖြစ်ရေးနဲ့ တန်းတူညီမျှခွင့်ရရေးက အမတို့ အတူတူ တိုက်ပွဲဝင်လို့ရတယ်"
ဒီကနေ့ သာကေတ ရှုခင်းသာ ရေတပ်စခန်းကနေ နေရပ်ကို ပြန်ပို့ဖို့အတွက် သတင်းရယူခွင့်ရရှိဖို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းထံ အကူအညီတောင်းခံချိန်မှာလည်း အခုလို ပြောပါတယ်။
"အဲဒီကိစ္စ ကျနော်ဘာမှမသိပါဘူး။ ကျနော် တခြားကိစ္စတခုနဲ့ ရန်ကုန်ရောက်နေတာပါ။ ကျနော်နဲ့ တိုက်ရိုက်မပတ်သက်ပါခင်ဗျာ။ နေပြည်တော်ကို ဆက်ကြည့်ပါခင်ဗျ"
မွတ်စလင်ဒုက္ခသည် ၁၀၆ဦးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အားလုံးနီးပါးဟာ သတင်းထုတ်ပြန်မှု မပြုလုပ်သလို သတင်းသိပိုင်ခွင့်ကိုလည်း မပေးခဲ့ပါဘူး။
RFA အနေနဲ့ ဒုက္ခသည်တွေကို အင်တာဗျူးခွင့် ရဖို့အတွက် ဒုက္ခသည်တွေယာယီနေထိုင်ရာ ကျောက်တန်းမြို့ကို ရောက်ရှိချိန်မှာလည်း အာဏာပိုင်တွေက သတင်းမထုတ်ပြန်သလို သတင်းရယူခွင့်လည်း မပေးခဲ့ပါဘူး။
ကျောက်တန်းမြို့နယ် သံတဲကျေးရွာကို ရောက်ရှိလာတဲ့ မွတ်စလင်ဒုက္ခသည် ၁၀၆ ထဲမှာ အမျိုးသား ၅၀ ၊ အမျိုးသမီး ၃၁ ဦးနဲ့ ကလေး ၂၅ ဦး ပါဝင်ပါတယ် ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာနဲ့ ကိုအောင်သိင်္ခ ပေးပို့တာပါ။