မွတ်စလင် ဒုက္ခသည်တွေ နေရာပြောင်းရွှေ့ ဖို့ ငြင်းဆန်
2013.06.07

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်နောက်ပိုင်း စစ်တွေမြို့ အနောက်ဘက် ဒုက္ခသည်စခန်းတွေ မှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေ ကို ပေါက်တောမြို့နယ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ စီစဉ်ရာမှာ မပြောင်းလိုကြပဲ ငြင်းဆန်နေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အတည်ပြုပြောကြား ပါတယ်။
စစ်တွေမြို့နားမှာ ဒုက္ခသည်စခန်းပေါင်း ၈ ခုဝန်းကျင်ရှိပြီး သဲချောင်းကျေးရွာအနီး ပေါက်တော ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို ပေါက်တောမြို့ မှာ ပြန်လည်နေရာချထားပေဖို့ စီစဉ်နေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အခုလို ပြောပါတယ်။
"ပို့မယ်ဆိုတဲ့အခါမှာ လူထုရဲ့သဘောထားကို ယူရတယ်၊ ခုနကပြောသလို ပေါက်တောကလူတွေ က ပေါက်တောကို ပြန်ပါမယ်လို့ ပြောပြီးတော့ ကျနော်တို့က သူတို့အတွက် နေရာချ၊ ချပြီးတော့ရှိရင် တဲဆောက်မယ့်နေရာတွေ လုပ်ပြီးတဲ့အခါကျတော့ ရွေ့မယ်လို့သွားပြောတဲ့အခါကျတော့ မရွေ့တော့ဘူး၊ ကျနော်တို့ကတော့ နဂိုအစီအမံကတော့ အဲဒီလိုပါ၊ သူ့မြို့နယ်ကလူ သူ့မြို့နယ်ပြန်သွားပေါ့၊ ကျနော်တို့က လည်း ပို့မယ့်အစီအစဉ်တော့ရှိတယ်၊ အခုထိတော့ အဲလိုဖြစ်နေတယ်"
စစ်တွေမြို့နားက ဒုက္ခသည်တွေကို မူရင်းမြို့နယ်မှာ ပြန်လည်နေရာချထားပေးဖို့အတွက် ဒုက္ခသည်တွေနဲ့ ကြိုတင်ဆွေးနွေးခဲ့ရာမှာ သဘောတူညီမှုတွေ ရရှိခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။
ပေါက်တောမြို့နယ်ဘက်က ပြောင်းရွှေ့လာတဲ့ ဒုက္ခသည်တွေဟာ စစ်တွေမြို့နားက စခန်းတွေမှာ ယာယီခိုလှုံနေကြတာဖြစ်ပြီး အခုလမကုန်မီ ဒုက္ခသည်တွေ အားလုံး အမိုးအကာအောက် ရောက်ရှိရေးအတွက် ပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်နေတာ ဖြစ်ကြောင်း သိရပါတယ်။