ကယ်ဆယ်ရေးစခန်း ၃ ခုကို ပိတ်သိမ်းပြီး ပြန်လည်နေရာချထားဖို့ စီစဉ်


2018.04.16
muslim-refugees-camp-622.jpg ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်တော်၊ မြေပုံ စတဲ့ မြို့နယ်သုံးခုမှာ ကနဦးအနေနဲ့ IDP ကယ်ဆယ်ရေးစခန်း ၃ ခုကို ပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေး စတင်ပြင်ဆင်နေပြီလို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီက ပြောပါတယ်။

ကျောက်တော်မြို့နယ် နိဒင် IDP စခန်းနဲ့ မြေပုံမြို့ တောင်ပေါ် IDP စခန်းတွေအတွက် နေအိမ်တွေ ဆောက်လုပ်ဖို့ မြေညှိတာတွေလုပ်ဆောင်နေပြီလို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်က ဒီနေ့ ပြောပါတယ်။

"စစ်တွေ သက်ကယ်ပြင်ရယ် ညှိနှိုင်းပြီးနေတဲ့ကိစ္စပေါ့နော်၊ စတော့မစရသေးဘူး၊ နောက်ကျောက်တော်က နိဒင် အဲဒါကစဖို့လုပ်နေပြီ၊ မြေတွေနေရာချဖို့တွေလုပ်ပြီးသွားပြီ၊ မြေပုံ တောင်ပေါ်ဆို မြေကွက်တွေတောင် မြေလျော်ကြေးတွေ ပေးပြီးသွားပြီ၊ အိမ်တွေဘာတွေ စဆောက်နေပြီပေါ့၊ အဲဒီသုံးခုက တော်တော်ခရီးရောက်နေပြီ၊ ခေါင်းဒုက္ကာ ၁ နဲ့ ၂ က ခုမှစပြီးတော့ သူတို့ကိုသွားပြောပြတုန်းပဲရှိသေးတယ်၊ ဘယ်လောက်ကြာမလဲဆိုတာက အချိန်အတိုင်းအတာကြီးနဲ့ ပြောဖို့ခက်တယ်၊ သို့သော်လုပ်ငန်းတွေစနေပြီ မြန်နိုင်သမျှမြန်အောင်လုပ်မယ်၊ ထိရောက်နိုင်သမျှထိရောက်လုပ်မယ် အဲသဘောပဲဗျ"

ကျောက်တော်မြို့နယ် နိဒင်ကျေးရွာက IDP စခန်းမှာရှိတဲ့ အိမ်ထောင်စု ၈၀ ကျော်အတွက် အဲဒီနိဒင်ရွာအဝင်နားမှာပဲ နေအိမ်တွေ ဆောက်လုပ်ပေးသွားမှာဖြစ်ပြီး မြေပုံမြို့ တောင်ပေါ် IDP စခန်းအတွက်လည်း အလားတူ အဲဒီအနီးမှာ နေအိမ်သစ်တွေနဲ့ ပြန်လည်နေရာချထားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တွေမြို့နယ် ခေါင်းဒုက္ကာ အမှတ်(၁)နဲ့ အမှတ်(၂) IDP စခန်းတွေကိုဖျက်သိမ်းပြီး ပြန်လည်နေရာချထားဖို့ အတွက် စခန်းတာဝန်ခံတွေ၊ စခန်းမှာနေထိုင်သူတွေနဲ့ စတင်ညှိနှိုင်းနေတယ်လို့လည်း ပြောပါတယ်။

ကျောက်ဖြူမြို့မှာရှိတဲ့ ကျောက်တစ်လုံး IDP စခန်းကိုလည်း ဖျက်သိမ်းပြီး ပြန်လည်နေရာချထားဖို့ရှိပေမယ့် လောလောဆယ်မှာတော့ မြေနေရာရွေးချယ်တဲ့အဆင့်မှာပဲ ရှိတယ်လို့ သိရပါတယ်။

အဲဒီ IDP စခန်းတွေဟာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း မွတ်စလင်တွေကို အစိုးရက ယာယီပြောင်းရွှေ့နေရာချထားခဲ့ကြတဲ့ စခန်းတွေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။