အစ္စလာမ်ဘာသာဝင် ၅ ဦး တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းကို ဝင်ရောက်လာ
2018.04.15

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသွားကြရသူတွေ ထဲက မွတ်စလင်မိသားစုဝင် ၅ ဦးဟာ မနေ့က တောင်ပြိုလက်ဝဲက ပြန်လည်လက်ခံရေးစခန်းကို ဝင်ရောက်လာ တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
သူတို့တွေဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ခြားမျဉ်းမှာ နေထိုင်ကြသူတွေဖြစ်ကြပြီး မောင်တောဒေသမှာ အမှန်တစ်ကယ် နေထိုင်ကြသူတွေဖြစ်ကြောင်း စစ်ဆေးပြီးမှ လက်ခံခဲ့တာလို့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။
"နှစ်နိုင်ငံ နယ်နိမိတ်ခြံစည်းရိုးမှာ ရောက်နေတဲ့ လူ ၆ ထောင်လောက်ရှိတယ်ဆိုတဲ့ အဖွဲ့ထဲက အခု လူ ၁ ထောင် ကျော်လောက် ကျန်တာပေ့ါနော်၊ အဲဒီထဲက မိသားစု ၅ ယောက် ပြန်လာတာဖြစ်ပါတယ်ဗျ၊ မွတ်စလင် အသိုင်း အဝိုင်းကပါ။ အဖေအမေနှစ်ယောက်က NV ကဒ်ကိုင်ထားပါတယ်။ အိမ်ဖော်မိန်းကလေးက ဝှိုက်ကဒ် ကိုင်ထား ပါတယ်၊ အချက်အလက်ကိုယ်ရေးမှတ်တမ်း အိမ်ထောင်စုစာရင်းတွေ တိုက်ဆိုင်တယ်၊ ကလေးနှစ်ယောက်က မွတ်စလင်အသိုင်းအဝိုင်း အဖေအမေရဲ့ကလေးတွေပါ၊ ကလေးတွေကတော့ ငယ်ပါတယ်ဗျ"
မိသားစုဝင် ၅ ဦးထဲမှာ ၁၀ နှစ်အရွယ်နဲ့ ၅ နှစ်အရွယ်ကလေး ၂ ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။
မိဘနှစ်ဦးစလုံးက NV (National Verification) ကဒ် ကိုင်ဆောင်ထားသူတွေဖြစ်ပြီး အိမ်ဖော်မိန်းကလေးတစ်ဦး ကတော့ ဝှိုက်ကဒ် ကိုင်ဆောင်ထားသူတွေဖြစ်ပါတယ်။ သူတို့တွေကို အိမ်ထောင်စုဝင်စာရင်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးပြီး လက်ခံခဲ့တာလို့ ဦးမြင့်ကြိုင်က ဆိုပါတယ်။ အဲဒီနယ်ခြားမျဉ်းမှာ အရင်က လူဦးရေ ၆ ထောင်လောက် ရှိပြီး လက်ရှိမှာတော့ တစ်ထောင် ကျော်လောက်ပဲ ကျန်တော့တယ်လို့ သိရပါတယ်။
ပြန်လည်လက်ခံရေးစခန်းမှာ ရောက်ရှိလာသူတွေကို ကျန်းမာရေးစစ်ဆေးပေးတာ၊ လတ်တလော ထောက်ပံ့ရေး အနေနဲ့ စောင်၊ ခြင်ထောင် မီးဖိုချောင်သုံးပစ္စည်းတွေ ထောက်ပံ့ပေးထားပါတယ်။
သူတို့ ၅ ဦးကို မောင်တောမြို့က ဆွေမျိုးတွေဆီမှာ နေထိုင်ခွင့်ပေးထားတယ်လို့ အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်ထပ်ပြန်လာမယ့်သူတွေအနေနဲ့လည်း မြန်မာနိုင်ငံထဲမှာ အမှန်တကယ်နေထိုင်ခဲ့သူတွေဖြစ်ပါက သက်သေခံ အထောက်အထားတွေ မတင်ပြနိုင်ပေမယ့်လည်း ပြန်လည်လက်ခံရေးစခန်းကနေ သေချာစိစစ်ပြီး လက်ခံပေးသွား မှာ ဖြစ်တယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။