သံတွဲမြို့က အစ္စလာမ်ဘာသာဝင် ဒဂုံတက္ကသိုလ်ကျောင်းသူ ခရီးသွားလာခွင့်ရပြီ
ဒဂုံတက္ကသိုလ်မှာ တတိယနှစ် တက်ရောက်ပညာသင်ကြားဖို့ ခရီးသွားလာခွင့်မရတဲ့အတွက် အခက်အခဲဖြစ်ရတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့က အစ္စလာမ်ဘာသာဝင် ကျောင်းသူ မအေးမြတ်ဖူးကို အာဏာပိုင်တွေက ခရီးသွားလာခွင့် ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။
-
2018-10-27 -
-
-
ဒဂုံတက္ကသိုလ်မှာ တတိယနှစ် တက်ရောက်ပညာသင်ကြားဖို့ ခရီးသွားလာခွင့်မရတဲ့အတွက် အခက်အခဲဖြစ်ရတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့က အစ္စလာမ်ဘာသာဝင် ကျောင်းသူ မအေးမြတ်ဖူးကို အာဏာပိုင်တွေက ခရီးသွားလာခွင့် ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။
ခရီးသွားလာခွင့် အခက်အခဲဖြစ်ရတဲ့အတွက် လူမှုကွန်ရက်မှာ အကူအညီတောင်းခံတာတွေ ထွက်ပေါ်လာပြီး RFA က မအေးမြတ်ဖူး မိသားစုနဲ့ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပြီး တစ်ရက်ထဲမှာပဲ အခုလို ခရီးသွားလာခွင့်ရခဲ့တာလို့ မိသားစုက RFA ကို ပြောပါတယ်။
မအေးမြတ်ဖူးဟာ လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့မှာ ဖွင်လှစ်မယ့် အဝေးသင် တက္ကသိုလ် တက်ရောက်ခွင့်ပြုဖို့ အတွက် ခရီးသွားလာခွင့် လျှောက်ထားခဲ့တာဖြစ်ပြီး ကျောင်းတက်ဖို့ ရက်နီးကပ်လာပေမယ့် ခွင့်ပြုချက် မရရှိတာကြောင့် အခက်အခဲ ဖြစ်ခဲ့ရပါတယ်။
သူမဟာ ဒဂုံတက္ကသိုလ် အဝေးသင်ဌာနမှာ တက်ရောက်ပညာသင်ကြားနေတာ ၄ နှစ် ရှိနေပြီဖြစ်ပြီး ၅ နှစ်မြောက် ဖြစ်တဲ့ ဒီနှစ်မှာ ခရီးသွားလာခွင့်လျှောက်ထားရာမှာ ကြန့်ကြာခဲ့တာလို့ သိရပါတယ်။
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ မှတ်ပုံတင်မရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ သံတွဲကနေ တခြားဒေသကို သွားမယ်ဆိုရင် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးမှာ ခရီးသွားလာခွင့် လျှောက်ထားရပါတယ်။
ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ဇာတိနေရပ် မြို့ရွာကနေ တခြားဒေသကို ခရီးသွားမယ်ဆိုရင် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်က အာဏာပိုင် အဆင့်ဆင့်ရဲ့ ထောက်ခံချက်နဲ့ ခွင့်ပြုချက် ရရှိမှသာ ခရီးသွားလာခွင့်ရတယ်လို့ သိရပါတယ်။