မြန်မာ မွတ်စလင်တွေ မိတ္ထီလာမှာ နှင်ထုတ်ခံရ
2016.10.06

မိတ္ထီလာမြို့ကနေ ၂ဝ၁၃ ခုနှစ် လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းကြောင့် ဒုက္ခသည်စခန်းတွေမှာ သွားရောက်နေထိုင်ရာကနေ အာဏာပိုင်တွေက နှင်ထုတ်တဲ့အတွက် ပြီးခဲ့တဲ့ စနေနေ့က မူလနေထိုင်ရာ ရန်မျိုးအောင်နဲ့ မင်္ဂလာဇေယျုံရပ်ကွက်တွေမှာ ပြန်လည်နေထိုင်ဖု့ိ ရောက်လာတဲ့ မွတ်စလင် မိသားစုတချို့ ကို ဒေသခံပြည်သူတွေက လက်မခံဘဲ မောင်းထုတ်ခဲ့ကြတယ်လို့ ဧရာဝတီသတင်းဌာနက အောက်တိုဘာ ၅ ရက်နေ့မှာ ဖေါ်ပြလိုက်ပါတယ်။
အဲဒီသတင်းနဲ့ ပတ်သက်ပြီး လန်ဒန်မြို့အခြေစိုက် BHRN မြန်မာလူ့အခွင့်အရေးကွန်ရက်ရဲ့ အမှုဆောင်အရာရှိ ဦးကျော်ဝင်း က အခုလို မွတ်စလင်တွေကို ပြန်လည်မောင်းထုတ်တဲ့သူတွေထဲမှာ မဘသ အဖွဲ့ဝင်တွေလည်း ပါတယ်လို့ RFA ကိုပြောပါတယ်။
"ပြန်ကြတဲ့အချိန်မှာ ရပ်ကွက်မှာရှိတဲ့ မဘသအဖွဲ့ဝင်တွေကနေပြီးတော့ သူတို့ကို ဒီမှာနေလို့မရဘူး ဆိုပြီး မောင်းထုတ်တယ်၊ ထူးခြားတာက လူမှုကွန်ရက်မှာ ထွက်လာတဲ့သတင်းက ကုလားတွေက လာပြီးတော့ ဗုဒ္ဓဘာသာတွေကို စိန်ခေါ်နေတယ်ဆိုတဲ့ လေသံမျိုးနဲ့ ထွက်လာတယ်၊ နောက်အဲဒီမှာ အခြေအနေက နည်းနည်းလေး ပွက်လောရိုက်သွားတယ်၊ အာဏာပိုင်တွေကလည်း စိုးရိမ်လာ တယ်ပေ့ါနော်၊ ပြဿနာများ ပြန်ဖြစ်သွားမလားဆိုပြီး အဲဒီမှာ သူတို့ကို အာဏာပိုင်တွေက ပြန်ခိုင်း လိုက်တယ်"
အဲဒီလို အငြင်းပွားနေစဉ်မှာ ဒေသခံအာဏာပိုင်တွေနဲ့ ရဲအရာရှိတွေ ရောက်ရှိလာပြီးနောက် မွတ်စလင်တွေ အတွက် လုံခြုံရေးအတွက် တာဝန်မယူနိုင်ဘူးလို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဦးကျော်ဝင်းကတော့ အခုလို ခိုကိုးရာမဲ့ဖြစ်ရတဲ့ မြန်မာနိုင်ငံသား မွတ်စလင်တွေကို လက်ရှိအစိုးရ နဲ့ မြန်မာပြည်သူတွေက စာနာကြပါလို့ ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရကို ကျနော်မေတ္တာရပ်ခံချင်တာကတော့ မြန်မာနိုင်ငံ သားအားလုံးကို ကျောသား ရင်သား မခွဲခြားဘဲ အကာအကွယ်ပေးဖို့၊ နောက်တဦးချင်းရဲ့ ရသင့်ရထိုက် တဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့အတွက် ကျနော်တော်မေတ္တာရပ်ခံချင်ပါတယ်၊ မြန်မာ လူထုကိုလည်း ကျနော်အဓိကမေတ္တာရပ်ခံချင်တာကတော့ ကျနော်တို့အားလုံးဟာ တမြေထဲနေ တရေ တည်းသောက် ကြီးပြင်းလားတဲ့ လူတွေပေါ့နော်၊ ဘာသာတရားကြောင့် ကျနော်တို့တွေ တယောက်ကို တယောက် သွေးခွဲမနေဘဲ လက်ရှိနိုင်ငံတိုးတက်ဖို့ အားလုံးကို တညီတညွှတ်တည်း လက်တွဲပြီးတော့ ဆောင်ရွက်ဖို့နဲ့ တယောက်နဲ့တယောက် ဘာသာတရားအပေါ် အခြေခံပြီးတော့ ညီညွှတ်မှုပျက်ပြားစေတဲ့ အတွေးအခေါ်မျိုးလေးတွေ မယူလာဖို့ ကျနော်အဓိက မေတ္တာရပ်ခံချင်ပါတယ်"
စနေနေ့က မောင်းထုတ်ခံရတဲ့ မွတ်စလင်ဦးရေကို အတိအကျမသိရပါဘူး။ မင်္ဂလာဇေယျုံရပ်ကွက် မှာ မောင်းထုတ်ခံရတာကတော့ မိသားစု ၄ စုဖြစ်တယ်လို့ ဒေသခံ လူမှုရေးအဖွဲ့ဝင် ရှေ့နေဦးအောင်သိန်း က ပြောပါတယ်။
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ၂ဝ၁၃ ခုနှစ် အဓိကရုဏ်းကြောင့် သူတို့နေထိုင်ရာ ရပ်ကွက်တွေကနေ ထွက်ပြေးစွန့်ခွာခဲ့ရတဲ့ ဗုဒ္ဓဘာသာဝင်က ၆ဝဝ လောက်ရှိပြီး မွတ်စလင်တွေက တသောင်းသုံးထောင်ကျော်ရှိကြောင်းနဲ့ ယာယီစခန်းမှာ ဆက်လက်နေထိုင်တဲ့ မွတ်စလင် ၂ဝဝ လောက်ကို အာဏာပိုင်တွေက ခြိမ်းခြောက်နှင်ထုတ်နေကြောင်း ဧရာဝတီ သတင်းဌာနက ဖေါ်ပြပါတယ်။
မြန်မာလူ့အခွင့်အရေးကွန်ရက်ရဲ့ အမှုဆောင်အရာရှိ ဦးကျော်ဝင်းကတော့ အဲဒီ မွတ်စလင်တွေဟာ မိတ္ထီလာမှာ ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့သူတွေဖြစ်ပြီး အကြမ်းဖက်သမားတွေလည်း မဟုတ်ပါဘူးလို့ ပြောပါတယ်။