မူဆယ်မှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံးပြီး တစ်ရွာလုံးနီးပါး ထွက်ပြေးနေရ
2023.07.25

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ဆိုက်ခေါင်ရွာမှာ ဇူလိုင်လ ၂၅ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ တစ်ဦးသေဆုံးခဲ့ပြီး တစ်ရွာလုံးနီးပါး ထွက်ပြေးနေရတယ်လို့ ဆိုက်ခေါင်ရွာခံတွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၄၀ အရွယ် အိုက်လော့ဆိုတဲ့ အမျိုးသားဖြစ်တယ်လို့ ဆိုက်ခေါင်ရွာခံ ကိုချယ်ရီက RFA ကို ပြောပါတယ်။
“သူက အိမ်အပြင်မှာ ထိုင်နေတာ။ လက်နက်ကြီးက သူအိမ်မှာကျတော့ သူ့မျက်နှာနဲ့ ကျောရိုးတွေမှာ ထိသွားတယ်။ နောက်တစ်အိမ်လည်း ထိတယ်။ အဲမှာကျတော့ တစ်ယောက် ပေါင်မှာနည်းနည်းထိသွားတာပေါ့”
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် လူဦးရေ နှစ်ရာခန့်ရှိတဲ့ ဆိုက်ခေါင်ရွာက ဒေသခံတွေ အားလုံးဘေးလွတ်ရာကို ထွက်ပြေးနေတယ်လို့လည်း ဆိုပါတယ်။
အဲဒီရွာမှာ တအာင်း (ပလောင်) တိုင်းရင်းသားတွေ အများစုနေထိုင်တာလို့ ဒေသခံတွေက ပြောပါတယ်။
ဆိုက်ခေါင်နဲ့ နမ့်အွမ်ရွာအနီးမှာ ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်နဲ့ TNLA တို့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က နမ့်အွန်းရွာ သစ်တောရုံးဘေးနဲ့ မုံးပေါ်တံတားကနေ ၆၀-မမ လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ဆိုက်ခေါင်ရွာက နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့တယ်လို့လည်း နမ့်အွမ်ရွာခံတစ်ဦးက ပြောပါတယ်။
မွန်းလွဲပိုင်းမှာတော့ ဆိုက်ခေါင်ရွာနဲ့ လေးဖာလုံလောက်ဝေးတဲ့ ကောင်းဝိန်းရွာမှာ စစ်ကောင်စီတပ်သားတွေ ရောက်နေပြီး ရွာသားတွေကို စစ်ဆေးမေးမြန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက အဲဒီရွာတွေအနီးမှာ TNLA က အင်အားနှစ်ရာခန့်နဲ့ စစ်ရေးလှုပ်ရှားနေတာကြောင့် ဇူလိုင် ၂၄ ရက်မနေ့ကပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
နမ့်အွမ်ရွာမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဈေးဆိုင်ခန်းတွေနဲ့ နေအိမ်အချို့ ပျက်စီးခဲ့သလို ဒီမနက် ၁၁ နာရီခန့်မှာလည်း စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်နဲ့ လာပစ်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။
ဒီအခြေအနေတွေပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
TNLA သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးကတော့ တိုက်ပွဲနဲ့ပတ်သက်ပြီး မြေပြင်အခြေအနေ သတင်းအတိအကျ မသိရသေးဘူးလို့ တုံ့ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခုရက်ပိုင်း စစ်ကောင်စီတပ်နဲ့ TNLA၊ ကိုးကန့် MNDAA တပ်ဖွဲ့တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။