မူဆယ်မြို့ပေါ် ထွက်ပြေးလာသူ ၂ ထောင်ကျော်ရှိ
2016.11.21

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနဲ့ နေရာလေးခုမှာ မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မူဆယ်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာသူ ၂ထောင်ကျော်ရှိ နေပြီဖြစ်ပါတယ်။
ထွက်ပြေးတိမ်းရှောင်လာသူတွေကို အရေးပေါ်ကာလစီမံခန့်ခွဲမှုကော်မတီက ကူညီပေးနေတယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲချုပ်အောင်အောင် က ပြောပါတယ်။
"မနေ့က တိုက်ပွဲဖြစ်တဲ့နေရာတွေရော ပန်ဆန်းဘက်က ကြောက်လန့်ပြီးလာတဲ့သူတွေရော အင်အား ၂ ထောင်လောက်ရှိသွားပြီ၊ မူဆယ်မြို့ပေါ်မှာ ၅ နေရာလောက်ခွဲနေတယ် အဲ့ဒါတွေကို ဆန်တို့၊ နောက်ဆောင်း တွင်းကာလဖြစ်တော့ အနွေးပစ္စည်းလေးတွေထောက်ပံ့ပို့ ကျွန်တော်တို့ လုပ်တာပေါ့"
မနေ့က မူဆယ် ၁၀၅ မိုင်အပြင် ကွတ်ခိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း) စတဲ့နယ်မြေတွေကိုပါ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIA/KIO, TNLA, AA, MNDAA တို့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နယ်စပ်ကုန်သွယ်ရေးကို လတ်တလော ရပ်ဆိုင်းထားတယ်လို့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ တရုတ်ပြည်ကို သစ်သီးတင်ပို့ရောင်းချသူတွေဟာ ဒီနေ့မှာ သစ်သီးတွေကို တရုတ်ပြည်ထဲထိ သွားရောက်ရောင်းချနေကြရတယ်လို့ မူဆယ်မြို့က သစ်သီးကုန်သည် ကိုစိုင်းမင်းသူနိုင် က ပြောပါတယ်။
" အရောင်းအဝယ်ကတော့ ဒီမှာဘာမှစလို့မရသေးဘူး၊ ပြန်လည်အခြေချဖို့ကိုပဲ ကြိုးပမ်းနေရတာ၊ အရောင်း အဝယ်ကတော့မရှိဘူး၊ ကျနော်တို့ ဖရဲသီးဆိုရင် တရုတ်ပြည်နယ်ထဲထိ ဒီနေ့မနက် သွားရောင်းရတာ"
လက်ရှိ ရာသီချိန်ဟာ မြန်မာဘက်ကထွက်တဲ့ ဖရဲသီး၊ သခွားမွေးစတဲ့ သစ်သီးတွေကို တရုတ်ဘက်က အဝယ်လိုက်တဲ့အချိန်ဖြစ်ပါတယ်။ မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒီနေ့မှာ တရုတ်ဘက်က ဝယ်လက်တွေက ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကို မလာရဲကြတာကြောင့် သစ်သီးကုန်သည်တွေက တရုတ်ဝယ်လက်ရှိတဲ့ တရုတ်ပြည် ဝမ်တိန်မြို့အထိ သွားရောက်ရောင်းချကြတာဖြစ်ပါတယ်။
ဒီနေ့ တရုတ်ပြည် ဝမ်တိန်မြို့ကို သွားရောက်ရောင်းချတဲ့ ဖရဲသီး၊ သခွားမွှေး ကုန်ကားစီးရေ ၈၀ ကျော်ရှိပါတယ်။ အရင်က တစ်ရက်ကို ဖရဲ ၊ သခွားမွှေး ကားစီးရေ ရာချီပြီး ၁၀၅ မိုင်နယ် စပ်ကုန်သွယ်ရေးဇုန်ကနေ တရုတ် ဝယ်လက်တွေကို ရောင်းချနေတာဖြစ်ပါတယ်။
ဒီနေ့ မနက်ကလည်း ပန်ဆိုင်းနယ်မြေ ရဲစခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နေရာတွေမှာ အစိုးရတပ်အင်အားနဲ့ ရဲလုံခြုံရေးအင်အားတွေ ထပ်မံတိုးမြှင့်ထားပြီး ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပြန်လည် လည်ပတ်နိုင်ဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေပါတယ်။