တရုတ်နိုင်ငံဘက်က ဘဏ်တွေမှာ မြန်မာနိုင်ငံသားတွေ ဘဏ်ငွေစာရင်းပိတ်ခံနေရတာကို ကူညီဖြေရှင်းပေးဖို့ နယ်စပ်ကုန်သည်တွေနဲ့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နယ်စပ်ကုန်သွယ်ရေးဌာနက တာဝန်ရှိသူတွေကို ဒီကနေ့ ရက်စွဲနဲ့ စာရေးသားတောင်းဆိုလိုက်ပါတယ်။
ပိတ်ခံထားရတဲ့ငွေစားရင်တွေပြန်ဖွင့်ပေးအောင် ကူညီပေးဖို့နဲ့ နယ်စပ်ငွေလဲလုပ်ငန်းတွေကို တရားဝင်ဖြစ်အောင် နှစ်နိုင်ငံအစိုးရကြား ညှိနှိုင်းဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေ တောင်းဆိုထားတယ်လို့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပဲပြောင်းနှံကုန်စည်ဒိုင် ဒုတိယဥက္ကဌ မဖြူက ပြောပါတယ်။
"မူဆယ်က ဌာနပေါင်းစုံကိုပို့တယ်၊ ရှမ်းပြည်နယ်ကိုလည်းပို့မယ်၊ နေပြည်တော်ကိုလည်းစာပို့တယ်၊ သမ္မတ၊ အတိုင်ပင်ခံနဲ့ ကုန်သွယ်ရေးဝန်ကြီးကို ငွေလွှဲလုပ်ငန်းတွေကို တရားဝင်လုပ်ဖို့ရယ်နောက် အကောင့်ကို မြန်မြန်ဖြေရှင်းပေးဖို့ရယ်"
ပြီးခဲ့တဲ့ ဇွန်လလယ်ဝန်းကျင်ခန့်ကစပြီး တရုတ်နိုင်ငံ ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေက တရုတ်ဘဏ်တွေမှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ငွေစာရင်း တစ်ရာလောက်ကို တရုတ်ဘက်က ပိတ်လိုက်တဲ့ အတွက် မြန်မာကုန်သည်တွေနဲ့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေ လုပ်ငန်းရှေ့ဆက်လည်ပတ်လို့မရ ဖြစ်ခဲ့ပါတယ်။
ဒီကိစ္စကိုဖြေရှင်းပေးဖို့ ဇွန်လ ၂၄ရက်နေ့က ကုန်သည်တွေနဲ့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေဟာ မူဆယ် ၁၀၅မိုင် ကုန်သည်ရေးဇုန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေကို ဖိတ်ကြားပြီး သူတို့ရဲ့ အခက်အခဲတွေကို ရှင်းလင်းခဲ့ပါတယ်။
အဲဒီနေ့က တွေ့ဆုံပွဲမှာ ကုန်သည်တွေက မေတ္တာရပ်ခံတာကြောင့် ငွေလဲသမားတွေ လုပ်ငန်းပြန်လုပ်နေပြီဖြစ် တဲ့အတွက် ကုန်တင်ကားတွေလဲ ပုံမှန်ဝင်ရောက်လာနေပြီဖြစ်ပြီး လုပ်ငန်းလည်ပတ်နေကြပြီလို့ပြောပါတယ်။
ဒါပေမဲ့ တရုတ်ဘက်က ငွေစားရင်းတွေ ဖွင့်ပေးတာ မရှိသေးတဲ့အတွက် ကုန်သည်တွေဘက်က ရဲရဲတင်းတင်း လုပ်ငန်းမလုပ်ရဲကြသေးဘူးလို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း တရုတ်ဘဏ်တွေမှာ ဖွင့်ထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ငွေစာရင်းတွေကို မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ ဆက်စပ်တဲ့ငွေတွေပါတယ်ဆိုပြီး တရုတ်ဘက်က ပိတ်လိုက်တဲ့အတွက် နယ်စပ်မှာ ကုန်သည်တွေ ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီနောက်ပိုင်းမှာ တချို့ဘဏ်ငွေစာရင်းတွေကို ပြန်ဖွင့်ပေးခဲ့ပေမဲ့ တချို့ကိုတော့ ဒီနေ့အချိန်အထိ ပြန်မ ဖွင့်ပေးသေးဘူးလို့ ကုန်သည်တွေက ပြောပါတယ်။