မူဆယ်မြို့မှာ ဈေးဆိုင် နဲ့ နေအိမ်တွေ ပိတ်


2016.11.22
muse-night-market-620.jpg ဈေးဆိုင်နဲ့ နေအိမ်တွေ ပိတ်ထားတဲ့ မူဆယ်မြို့ကို နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ခင်းက တွေ့ရစဉ်
Photo: Kan Thar/ RFA

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ကို တိုက်ခိုက်မှုတွေ ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ဒီနေ့ နေ့လည် ၁၁ နာရီဝန်းကျင်ကစပြီး မူဆယ်မြို့ပေါ်က ဈေးဆိုင်တွေနဲ့ နေအိမ်တွေ အားလုံးပိတ်ထားကြပြီး ညနေပိုင်းမှာ မြို့ပေါ်အခြေအနေ ပြန်လည်တည်ငြိမ်နေတယ်လို့ မူဆယ်မြို့ခံတွေ က ပြောပါတယ်။

လက်ရှိမှာ အုပ်ချုပ်ရေးအဖွဲ့က ဒေသန္တရညွှန်ကြားချက်တစ်စုံတရာ ထုတ်ပြန်တာမရှိသေးပေမယ့် စိုးရိမ်နေကြ တာဖြစ်တယ်လို့ မူဆယ်မြို့မှာ နေထိုင်တဲ့ ဦးနော်ဘောက် က ပြောပါတယ်။

"မြို့ကတိတ်ဆိတ်ပြီးတော့ လူတွေကလည်းကြောက်လန့်ပြီးတော့ ဟိုဖက်ပြေးကြဆိုတော့ မြို့တိတ် ဆိတ်နေတာပေါ့၊  ဒေသန္တရညွှန်ကြားချက်တော့ မထုတ်သေးပါဘူး၊ ကိုယ့်အိမ်မှာကိုယ် အေးဆေးနေကြပါ၊ စိုးရိမ်စရာမရှိဘူးအော်တာကို တချို့ဗမာတွေက နားမလည်တော့ပြေးလွှားကြတာပါ"

ခရိုင်အုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်ရဲမှူးတွေက မူဆယ်မြို့လုံခြုံရေးကို တင်းကျပ်ထားပြီး မစိုးရိမ်ကြဖို့ မြို့မိမြို့ဖတွေကို အသိပေးထားတယ်လို့လည်း ဦးနော်ဘောက် က ပြောပါတယ်။

ညနေပိုင်းမှာ မူဆယ်ညနေဈေးကို ပြန်လည်ဖွင့်လှစ်ထားတယ်လို့လည်း မူဆယ်မြို့ခံတွေက ပြောပါတယ်။

မူဆယ်ကနေ ကွတ်ခိုင်ကိုသွားတဲ့ ပြည်ထောင်စုလမ်းမတလျှောက်မှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ကြား ဒီနေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။