လက်နက်ကြီးထိမှန်ပြီး ကလေး ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ


2017.12.23
muse-weapon-622 ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်အနီးက မိုင်းယုကျေးရွာမှာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က လက်နက်ကြီး ကျရောက်စဉ်
Photo: Nann Kyawt Shwe Su - facebook

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်အနီးက မိုင်းယုကျေးရွာမှာ ဒီနေ့ ညနေက လက်နက်ကြီးကျရောက် တာကြောင့် ကလေးတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မူဆယ်မြို့မ ရဲစခန်းက ဒုရဲမှူး အေးမြင့်က ပြောပါတယ်။

ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာကို မသိရသေးဘူးလို့ ဒုရဲမှူး အေးမြင့်က ပြောပါတယ်။

"မိုင်းယုရပ်ကွက် တာဝါတိုင်ဘက်မှာ ကျတာပါ၊ ကလေးတစ်ယောက် သေတယ်၊ နှစ်ယောက် ဒဏ်ရာရတယ်"

ရွာအစွန်မှာရှိတဲ့ တာဝါတိုင်အနီးက နေအိမ်တစ်အိမ်ထဲက မြေးအဖိုး ၃ ယောက်ကို လက်နက်ကြီး ထိမှန်ခဲ့တာဖြစ်ပြီး အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

ကျန်တဲ့ ကလေးတစ်ဦးနဲ့ အသက် ၆၀ ဝန်းကျင် အဖိုးဖြစ်သူကတော့ ခြေထောက်နှစ်ဖက်လုံးနဲ့ ခါးပိုင်းကို ထိခိုက်ဒဏ်ရာရခဲ့ပြီး နှစ်ဦးစလုံးရဲ့ ဒဏ်ရာအခြေအနေက စိုးရိမ်ရတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၂ ဦးဟာ မူဆယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး လတ်တလောမှာ လက်နက်ကြီးကျရောက်တဲ့ နေရာတစ်ဝိုက်ကို တပ်မတော်က လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။

လက်နက်ကြီးကျရောက်တဲ့ အနီးတဝိုက်က နွားမွေးမြူရေးခြံထဲက နွားအကောင်ရေ ၁၈ ကောင် ထိခိုက်ခဲ့ပြီး ၂ ကောင် သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။