မူဆယ်မြို့မှာ ပေါက်ကွဲမှု ဆက်တိုက်ဖြစ်
2012.06.10

AFP
ဗုံးကွဲချိန်ဟာ ညသန်းခေါင်အချိန် ဖြစ်တာမို့ အိပ်မောကျနေသူများပြီး တချို့က ပေါက်ကွဲသံ ၆ ချက်ကြားရတယ်လို့ ပြောပါတယ်။ မူဆယ်မြို့ခံတဦးက အခုလိုပြောပါတယ်။
"မနေ့ည ၁၂ နာရီ ဝန်းကျင် ဆက်တိုက်ပေါက်တာလေ။ ရဲကင်းရှေ့ရယ်၊ ကွင်းနောက်ကျောရယ်၊ မူဆယ် ငွေလှိုင်းလက်ဖက်ရည်ဆိုင်ရှေ့နား စတဲ့နေရာတွေမှာ ၆ လုံးလောက် ပေါက်တယ်။"
ဒီဗုံးကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်သူတာဝန်ရှိတယ် ဆိုတာတော့ မသိရသေးဘူးလို့ မူဆယ်မြို့ခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်အတွင်း လားရှိုး-မူဆယ် ကားလမ်းကို KIA တပ်တွေက ယာဉ်သွားလာခွင့်ပိတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဗုံးကွဲခဲ့တာ ဖြစ်ပါတယ်။
မူဆယ်မြို့မှာ ၂၀၀၉ ခုနှစ်က ကိုးကန့်ဒေသမှာ အစိုးရတပ်တွေက ဝင်ရောက်သိမ်းပိုက်စဉ် မူဆယ်မြို့ရဲကင်းစခန်းတခုအနီး ညသန်းခေါင်အချိန်မှာ အခုလို ဗုံးဆက်တိုက်ကွဲတာမျိုး ဖြစ်ခဲ့ဖူးတယ်လို့ မြို့ခံတွေက ပြောပါတယ်။