မူဆယ် ၁၀၅ မိုင်၊ ကြူကုတ် (ပန်ဆိုင်း)နဲ့ မုံးကိုးမြို့မှာ တိုက်ပွဲတွေဆက်ဖြစ်


2016.11.24
105mile-620.jpg မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကို နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတင် နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ သာမန်ပစ်ခတ်မှုသာဖြစ်ပြီး မစိုးရိမ်ကြဖို့ဆိုပြီး မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောပါတယ်။

''မနက် ၆ နာရီ ၃၅ မှာ ၁၀၅ မိုင်မှာရှိတဲ့ တပ်စခန်းကို လက်နက်ငယ်နဲ့ လာပစ်တယ်လို့ သိရပါတယ်၊ နောက် ၇ နာရီ ၅၀ မှာလည်း လက်နက်ငယ်နဲ့ လာပစ်တယ်ပေါ့နော်၊ ဒီ့အပြင်မှာ သတင်းဖြစ်သွားတာက ၁၀၅ မိုင်ကို ပြန် တိုက်နေပြီ၊ ၁၀၅ မိုင်မှာ တိုက်ပွဲတွေပြန်ဖြစ်နေပြီဆိုတဲ့ သတင်းတွေအပြင်မှာဖြစ်သွားတာပေါ့၊ စိုးရိမ်မှုထိတ်လန့် မှုတွေ မြင့်မားလာမှာစိုးလို့ တိုက်ပွဲတွေဖြစ်သွားတာတော့ မှန်ပါတယ်၊ လာပြီးတော့ပစ်ခတ်တဲ့ သာမန်တိုက်ခိုက် မှု အသေးလေးပါလို့ စိတ်ပူပန်မှုမရှိအောင်၊ ကိုယ့်ဟာကိုယ် မိမိတို့ရဲ့နေအိမ်မှာ ကျွန်တော်တို့က အသိပေးကြေ ညာချက်လေး တင်ပြချက်လေး အမြန်ဖြန့်ဝေပေးခြင်းဖြစ်ပါတယ်။''

တိုက်ပွဲကြောင့် အပြင်မှာထွက်နေတဲ့ ကောလာဟလသတင်းတွေ ထုတ်ပြန်တာတွေကို မယုံကြဖို့ဆိုပြီး ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

မြို့လုံခြုံရေးကို တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက တာဝန်ယူစောင့်ရှောက်ပေးလျှက်ရှိလို့ ပုံမှန်အတိုင်းသာ ကိုယ့်လုပ်ငန်းရောင်းဝယ်ရေးတွေ၊ နေထိုင်သွားလာမှုတွေသာ လုပ်ဆောင်နေကြဖို့ဆိုပြီးလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် မူဆယ်၁၀၅ မိုင်အပြင် ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုးမြို့တွေမှာလည်း အစိုးရတပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်တပ်တွေဟာ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောပါတယ်။

''တိုက်ပွဲကတော့ ဆက်ဖြစ်နေတယ်၊ တိုက်ပွဲကတော့ ဒီနေ့မနက် ၈ နာရီလောက်မှာ ၁၀၅ မိုင်မှာ နာရီဝက်လောက်ဖြစ်တယ်၊ အခု မုံးကိုးဖက်မှာလည်းဖြစ်တယ်၊ အခုပဲ မြန်မာ့တပ်မတော်က ဂျက်လေယာဉ်တွေရော၊ ဟယ်လီကော်ပတာရော ခြောက်စီး ခုနှစ်စီးလောက် အဲဒီဘက်မှာပစ်နေတုန်းပဲ၊ တိုက်ပွဲအသေးစိတ်ကတော့ မသိရသေးဘူးဗျ"

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မူဆယ်၊ ကြူကုတ်(ပန်ဆိုင်း)၊ ကွတ်ခိုင် စတဲ့မြို့နယ်တွေမှာ စစ်ဆင်ရေးစတင်လုပ်ဆောင်နေပြီး ဒီနေ့အထိ နေ့စဉ်ရက်ဆက်ဆိုသလို အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။