ရှမ်းပြည်နယ် တောင်ကြီးမြို့က GE ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် နေအိမ်လိုင်းခန်းမှာ ဒုအရာခံဗိုလ် နဲ့ တပ်ကြပ်ကြီးအပါအဝင် လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး စန်းလွင်က ဒီနေ့ညနေပိုင်းအထိ ရဲတပ်ဖွဲ့ဘက်ကို တရားဝင် သတင်းတက်မလာသေး တဲ့အတွက် ဖြေကြားလို့မရဘူးလို့ RFA ကို ပြောပါတယ်။
"မနေ့တည်းကလည်း မေးကြပါတယ်၊ ကျနော်တို့ဆီမှာတော့ ရဲမှာတော့ အမှုဖွင့်တာလည်း မရှိဘူး၊ စစ်ဆေးတာ လည်းမရှိတော့ ကျနော်တို့ဆီ တရားဝင်မတက်တော့ ကျနော်တို့ ဘာမှဖြေလို့မရပါဘူးဗျ"
အမှတ် (၂) စစ်မြေပြင်ဆေးတပ်ရင်း၊ လေသန့်ဌာနက ဒုအရာခံဗိုလ် အောင်ဆန်းဝင်း၊ တပ်ကြပ်ကြီး လွှမ်းေ၀ အောင်၊ အရာခံဗိုလ် စိုးမိုးထွန်းရဲ့ ဇနီး အသက် (၄၂ ) နဲ့ အသက် ငါးနှစ်အရွယ် မိန်းကလေးငယ်တို့ ၄ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းက အသတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
တပ်ကြပ်ကြီးက ကျန်တဲ့ ၃ ယောက်ကို ဓားနဲ့ခုတ်သတ်ပြီး သူကိုယ်တိုင်လည်း သတ်သေသွားတာဖြစ်တယ်လို့ အရပ်ထဲက သတင်းတွေအရ သိရပေမယ့် တာဝန်ရှိသူတွေဘက်ကတော့ ဘာမှမထုတ်ပြန်သေးဘူးလို့ တောင်ကြီးမြို့က ရှမ်းပြည်နိုင်ငံရေးအဖွဲ့ တာဝန်ခံ ဦးတင်မောင်တိုး က ပြောပါတယ်။
"အပြင်သတင်းတွေအရကတော့ မူးယစ်ဆေးတစ်ခုခုပေါ့၊ ဆေးကြောင်ပြီးတော့မှ တပ်ကြပ်ကြီးကနေပြီးတော့မှ ဒီသားအမိ ၂ ယောက်ကို သတ်တယ်ပေါ့နော်၊ သူက ဓါးနဲ့ခုတ်သတ်တယ်လို့ပြောတယ်၊ ခုတ်သတ်နေတဲ့ အချိန်မှာ ဒီ ဒုအရာခံဗိုလ်က ဝင်လာတယ်၊ ဒုအရာခံဗိုလ်ကိုမြင်တော့ ဒုအရာခံဗိုလ်ကိုပါ ဆက်သတ်တယ်ပေါ့၊ နောက်သူ့ကိုယ်သူ Suicide လုပ်သွားတယ်ပေါ့၊ ၄ လောင်းပေါ့၊ ဒါကတော့ အပြင်က အရပ်သတင်းပေါ့၊ တာဝန်ရှိသူတွေကတော့ ဘာမှမထုတ်ပြန်ဘူး"
သေဆုံးသွားတဲ့ ဇနီးနဲ့ သမီးဖြစ်သူရဲ့ ဖခင် အရာခံဗိုလ် စိုးမိုးထွန်းဟာ အဲဒီအမှုဖြစ်ပွားခဲ့တဲ့ ညနေမှာ သမီးအကြီးကို ကျောင်းသွားကြိုနေခဲ့တယ်လို့ သိရပေမယ့် လက်ရှိ ဘယ်မှာရှိနေတယ်ဆိုတာကို မသိရဘူးလို့လည်း ဦးတင်မောင်တိုး က ပြောပါတယ်။
သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ တပ်မတော်ဘက်က လွှဲပြောင်း ယူဆောင်သွားတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။