တောင်ထီးလင်း ဆရာတော်၊ မိုးထိဆရာတော်၊ မြဝတီ၊ ကံတက်ကုန်း၊ အာရှအလင်းရောင်၊ ဖောင်တော်ဦးစတဲ့ ကျောင်းတိုက်တွေက ဗုဒ္ဒဘာသာ ဆရာတော်ကြီးတွေ ကြွရောက်ခဲ့ဲ့သလို အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန် ဘာသာတွေက ဘာသာရေး ခေါင်းဆောင်တွေ အပါအဝင် စုစုပေါင်း ပုဂ္ဂိုလ် ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ဒီ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မူလက အိုရီယင်တယ်ဟောက်စ် (Oriental House) စားသောက်ဆိုင်မှာ ပိုမိုခန်းနားစွာ ကျင်းပဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပေမယ့်် အာဏာပိုင်တွေဘက်က ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးတွေနဲ့ မသင့်လျော်ဖူး ဆိုတဲ့အကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာကြောင့် အကျဉ်းရုံး ကျင်းပခဲ့ရတာ ဖြစ်တယ်လို့ မူဆလင်ညီအစ်ကိုတော်များအဖွဲ့ ခေါင်းဆောင် ဦးအောင်ဇော်ဝင်းက RFA ကို ပြောပါတယ်။
"နောက်ဆုံးကျတော့ အဆင်ပြေတဲ့ ဘုန်းတော်ကြီးကျောင်းတကျောင်းမှာ ဆွမ်းကပ်လှူဒါန်းရင် အဆင်ပြေမယ်ဆိုပြီး ဒီမှာလာလျှောက်ပါတယ်။ ဆရာတော် ဦးခေမာစာရက အကူအညီပေးတဲ့အတွက် ခွင့်ပြုတဲ့အတွက်ကြောင့်မို့လို့ အကျဉ်းရုံးသွားတာပေါ့နော်။ လူ ၆ ရာစာပြင်ထားတဲ့ဟာတွေကတော့ ဖျက်လိုက်ရတယ်။"
အခမ်းအနားမှာ တောင်ထီးလင်းဆရာတော်၊ မက်သဒစ်ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး၊ အစ္စလာမ်နဲ့ ဟိန္ဒူဘာသာရေးခေါင်းဆောင်တွေက ငြိမ်းချမ်းရေးဆိုင်ရာ သြဝါဒစကားတွေ မြွက်ကြားခဲ့ပါတယ်။