သက်သေမခိုင်လုံလို့ မွန်းတည့်နေ အယ်ဒီတာ ပြန်လွတ်


2014.08.04
mtn-journal-305 မွန်းတည့်နေဂျာနယ်က ဖမ်းဆီးခံရသူများကို ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ သြဂုတ်လ ၄ ရက်နေ့က ရုံးထုတ်စဉ်
Photo: Nay Myo Htun / RFA

အပတ်စဉ်ထုတ် မွန်းတည့်နေဂျာနယ်က ဖမ်းဆီးခံရသူ ၆ ဦးထဲက အမှုဆောင်အယ်ဒီတာ ကိုရဲမင်းအောင်ကို ခိုင်လုံတဲ့ သက်သေမလုံလောက်လို့ဆိုပြီး ပန်းဘဲတန်း မြို့နယ် တရားရုံးက ဒီနေ့ လွှတ်ပေးခဲ့ပါတယ်။

ကျန်တဲ့ ၅ ဦးကို အရင်ကစွဲဆိုထားတဲ့ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ဃ) နဲ့ ၅ (ည) တို့နဲ့ အမှုဖွင့် ထားရာကနေ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ပြောင်းလဲတရားစွဲလိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"အခု ကျင့်ထုံးပုဒ်မ ၁၆၉ အရပဲပေါ့၊ တရားစွဲဆိုမှှု သက်သေခံချက်မလုံလောက်ရင် လျှော့ပေးရ မှာပေါ့၊ ကျန်တဲ့လူတွေကိုတော့ ၅၀၅(ခ) /၃၄ (၃၄)ကတော့ ပူးပေါင်းကြံစည်တယ်ပေါ့ဗျာ၊ ဒါပေမဲ့ ဒါကလည်းနောက်တော့ ပြုတ်သွားမှာပေါ့ဗျာ၊ သမ္မတကြီးနဲ့ စာနယ်ဇင်းကောင်စီတို့ တွေ့ဆုံမှှုပေါ်မှာလည်းပဲ အခြေခံလို့ပဲယုံကြည်ပါတယ်၊ ဘာဖြစ်လို့ လည်းဆိုတော့ သမ္မတကြီးက ထိခိုက်နစ်နာမှှုမရှိအောင် ကူညီမယ်ဆိုတဲ့ အသီးအပွင့်ကို အောက်ခြေက အကောင်အထည်ဖော်ပြီးတော့ ဆောင်ရွက်တာကြောင့်လည်း ပြောင်းသွားတာပါ၊ နို့မဟုတ် ရင်တော့ တော်တော်လေး ပြင်းမှာ"

တရားစွဲဆိုခံရတဲ့လူတွေဟာ ပြစ်မှုထင်ရှားရင် ပုဒ်မ ၅၀၅ (ခ) နဲ့ အများဆုံး ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ခံ ရနိုင်တယ်လို့လည်း ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

မွန်တည့်နေဂျာနယ်က အယ်ဒီတာ ၃ ဦးနဲ့ သတင်းထောက် ၁ ဦးကို ပြီးခဲ့တဲ့ဇူလိုင်လ ၈ရက်နေ့က ဖမ်းဆီးခဲ့ပြီး ထုတ်ဝေသူ ဦးကျော်မင်းခိုင်နဲ့ မိတ်ဆွေဖြစ်သူ ဦးယဉ်မင်းထွန်းတို့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ်မှာ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့  MDCF အဖွဲ့က  “ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရ တင်မြှောက်” ဆိုတဲ့ သတင်းဖော်ပြမှုနဲ့ အရေးယူခံရတာဖြစ်ပါတယ်။

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF က ကိုနောင်နောင်ကိုလည်း အလားတူ ပုဒ်မတွေနဲ့ ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး လာမယ့် သြဂုတ်လ ၁၄ ရက်နေ့ကို တရားရုံးချိန်း သတ်မှတ်လိုက် တယ်လို့ သိရပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းချက် ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။