MSF အဖွဲ့ ထွက်ခွာသွားရေး စစ်တွေမှာ ၃ ရက်မြောက် ဆက်လက်ဆန္ဒပြ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ  ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ကို ရခိုင်တိုင်းရင်းသား များ ဆန္ဒပြနေစဉ်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ကို ရခိုင်တိုင်းရင်းသား များ ဆန္ဒပြနေစဉ် (photo: RFA/ Min Thein Aung)

0:00 / 0:00

0:00 / 0:00

ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေပေးနေတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရခိုင်ပြည်နယ်ထဲကနေ ထွက်ခွာသွားဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရာနဲ့ချီတဲ့ ဒေသခံတွေက ၃ရက် မြောက်နေ့အဖြစ် ဆက်လက်တောင်းဆို ဆန္ဒပြကြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ MSF အဖွဲ့နဲ့ ရေး ထိုးထားတဲ့ နားလည်မှုစာချွန်လွှာ MOU ကို ရုပ်သိမ်းမပေးဘူးဆိုရင် မိမိတို့အနေနဲ့ ဆက်လက်ဆန္ဒပြသွားမယ်လို့ စစ်တွေမြို့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောပါတယ်။

"MSF နဲ့ တကယ့်ကို MOU ထိုးထားတာ က ပြည်ထောင်စု ကျန်းမာရေးဝန်ကြီး ဌာန ဖြစ်နေတယ်၊ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက MOU ကို အချိန်မီ ရုပ်သိမ်းမပေးနိုင်ဘူးဆိုရင် ရခိုင်လူမျိုးတွေနဲ့ MSF(AZG) ရဲ့ကြားမှာ ထိပ်တိုက်တိုးမှုတွေဟာ ဒီ့ထက်ကို တိုးလာနိုင်တယ်"

နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ဟာ ရခိုင်ပြည်နယ်မှာ မငြိမ်သက်မှုတွေ ဖြစ်ပေါ်လာအောင် ဖန်တီးမှုတွေပြုလုပ်နေသလို သူတို့ဟာ မွတ်စလင်တွေကိုသာ အဓိကထားကူညီနေတယ်ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂၊ ၂၃ ရက်တွေကလည်း စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက်မှာရှိတဲ့ MSF ရုံးခွဲရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

MSF အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်အရ ကူညီနေတာဖြစ်ပြီး အစိုးရက မိမိတို့ကိုလိုအပ်နေသရွေ့ ရခိုင်ပြည်နယ်ထဲကနေ ထွက်ခွာသွားဖို့ မဖြစ်နိုင်ကြောင်း RFA ကို ဖြေကြားထားပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိ န္တလီမြို့နယ်ခွဲ ပင်လယ်ပြင်မှာ ကမ်းဝေးငါးဖမ်း စက်လှေကြီးတွေ ဝင်ရောက်ငါးဖမ်းနေတာကြောင့် ပြည်ထောင်စုအစိုးရက ဖြေရှင်းပေးဖို့ ရာနဲ့ချီတဲ့ ဒေသခံတံငါသည်တွေကကျိန္တလီမြို့ပေါ်မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကမ်းဝေးငါးဖမ်းသင်္ဘောကြီးတွေ ကမ်းနီးဘက်ကို ဝင်ရောက်ငါးဖမ်းနေတာကြောင့် ဒေသခံတံငါသည်တွေ စားဝတ်နေရေးခက်ခဲလာကြောင်း ဒီနေ့ ဆန္ဒပြရာမှာပါဝင်တဲ့ ဒေသခံတံငါသည် ဦးအောင်ကျော်စိုးက ပြောပါတယ်။

ကမ်းနီးပိုင်းအထိ ဝင်ရောက်ငါးဖမ်းနေတာဟာ ပြည်တွင်းငါးဖမ်းသင်္ဘောကြီးတွေ အများဆုံးဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကျိန္တလီမြို့နယ်ခွဲအတွင်း ဝင်ရောက်ငါးဖမ်းတဲ့ စက်လှေတွေမှာ အမည်နဲ့ နံပါတ်ပြားတွေကို ဒေသခံတံငါသည်တွေ မမြင်အောင် ဖုံးကွယ်ထားတယ်လို့လည်း သိရပါတယ်။

စစ်တွေဒေသခံတွေ နယ်စည်းမထား ဆရာဝန်များအဖွဲ့ ထွက်ခွာသွားရေးအတွက် ၃ ရက်မြောက် ဆန္ဒပြနေကြတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဆန္ဒပြမြို့ခံတစ်ဦးဖြစ်သူ ဒေါ်ညိုအေးကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့ ပေါ်မှာ ရာနဲ့ချီတဲ့ ဒေသခံတွေက ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြတာနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုမင်းသိန်းအောင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။