မြောက်ဦးမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

RFA Burmese
2023.12.26
မြောက်ဦးမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မြောက်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်တချို့အား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ဆင်ချဆိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်နက်ကြီးကျလို့ ဆင်ချဆိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ဘု သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လက်နက်ကြီးထိပြီး သေဆုံးသွားတယ်လို့ကြားပါတယ်၊ မြောက်ဦးအခြေအနေက တော်တော်ဆိုးနေတယ်၊ ဒီနေ့ညနေကဆို လေယာဉ်နဲ့ ပစ်သွားတယ်၊ ဆင်ချဆိပ်ရပ်ကွက်မှာ ကျတယ်ပြောတယ် လေယာဉ်နဲ့ပစ်တာ၊ အခြားရပ်ကွက်တွေမှာလည်း ကျတယ်"

ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တဲ့အတွက် ဆင်ချဆိပ်ရပ်ကွက်က ဒေသခံ သုံးဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ ငါးဦးထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီရဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုပြတိုက် ထိမှန်ပျက်စီးခဲ့သလို ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီကတော့ မြောက်ဦးမြို့မှာရှိတဲ့ ရဲစခန်းနှစ်ခုကို AA က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်နဲ့ လူနေအဆောက်အဦတွေ ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

မြောက်ဦးမြို့မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်စောပိုင်းကစပြီး မြို့အထွက် ငွေတောင်ပေါက်တံတားအနီးက ရဲစခန်းနဲ့ သူတော်မ တောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ခန်းကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ (၅၄၀) နဲ့ (၃၇၇) ကလည်း မြောက်ဦးမြို့နဲ့ အနီးအနားရွာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေသလို လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ လေးသောင်းနီးပါးရှိတဲ့ မြောက်ဦးမြို့မှာ တိုက်ပွဲကြောင့် တစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။