MPA သတင်းထောက် တရားရုံးအာမခံ ပယ်ချခံရ

MPA သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းနဲ့ ကိုကောင်းဆက်လင်း တို့ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က အင်းစိန်ထောင်တွင်း တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

MPA သတင်းထောက် ကိုကောင်းဆက်လင်းနဲ့ မမှူးရတနာခက်မို့မို့ထွန်းတို့ကို တွေ့ရစဉ် Photo: CJ

MPA (Myanmar Press Photo Agency) ရဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းနဲ့ ကိုကောင်းဆက်လင်း တို့ကို အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅(က) နဲ့ ဖေဖော်ဝါရီ ၂၃ ရက် မနေ့က အင်းစိန်ထောင်တွင်း တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ပါတယ်။

မနေ့က ရုံးထုတ်စဉ် မမှူးရတနာခက်မို့မို့ထွန်းရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဆေးမှတ်တမ်းတွေနဲ့ တရားရုံးကို အာမခံလျှောက်ထားရာမှာ ပယ်ချခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက RFA ကိုပြောပါတယ်။

"မနေ့က ရုံးချိန်းမှာ ဆေးမှတ်တမ်းကို တင်ပြီးတော့ မမှူးရတနာကို အချုပ်က လွှတ်ပြီး အမှုရင်ဆိုင်ခွင့်ပေးဖို့ အာမခံလျှောက်ထားခဲ့ပေမယ့် ပယ်ချ ခံလိုက်ရတယ်။ အခု လောလောဆယ်တော့ မမှူးရတနာက ကြည့်မြင်တိုင် ရဲစခန်းက အင်းစိန်ထောင်ကို လာရောက် တရားရင်ဆိုင်ရတယ်။ ကိုကောင်းဆက်လင်းကတော့ အင်းစိန်ထောင် သီးသန့်ဆောင်က တရားရင်ဆိုင်တာဖြစ်ပါတယ်"

မမှူးရတနာခက်မို့မို့ထွန်းဟာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာရရှိခဲ့တဲ့ ဒဏ်ရာတွေ ကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားနေဆဲပဲလို့ သူကဆက်ပြောပါတယ်။

နောက်ထပ် ရုံးချိန်းအတွက် လာမယ့် မတ်လ ၉ ရက်နေ့ကို ထပ်မံချိန်းဆို လိုက်တယ် လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်တိုင်း အလုံမြို့နယ် ပန်းပင်ကြီး လမ်းမပေါ်မှာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်ကောင်စီက ကားနဲ့ တိုက်ဖမ်းခဲ့တာကြောင့် မမှူးရတနာ ခက်မို့မို့ထွန်းနဲ့ ကိုကောင်းဆက်လင်း အပါအဝင် ဆန္ဒပြပြည်သူတချို့ ဒဏ်ရာအပြင်း အထန် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org