လွှတ်တော်ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဥပဒေ ပြဌာန်းနိုင်ရေး ညှိနှိုင်းနေ
2018.02.27
လွှတ်တော်ကိုယ်စားလှယ်တာဝန်ကနေ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို ပိုမိုကောင်းမွန်ပြည့်စုံအောင် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ဒီနေ့ အမျိုးသားလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၅ က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်က လွှတ်တော်ကိုယ်စားလှယ်တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဌာန်းဖို့ အစီအစဉ်ရှိ၊ မရှိ ဒီနေ့ လွှတ်တော်မှာ မေးခွန်း မေးမြန်းခဲ့တာကို ဦးအောင်မြင့် က ပြန်လည်ဖြေကြားခဲ့ တာဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ကိုယ်စားလှယ်အဖြစ်ကနေ ရုပ်သိမ်းနိုင်ရေး ဥပဒေကို အားလုံးက လက်ခံနိုင်အောင် ပြန်လည်ညှိနှိုင်းဖို့လိုတယ်လို့ပြောပါတယ်။
အဲဒီဥပဒေကို ပြဌာန်းနိုင်ရေးအတွက် ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်ကျင်းပစဉ်က ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် သဘောတူညီမှုမရရှိဘဲ ဆိုင်းငံ့ထားခဲ့ရပါတယ်။ အခု ဒုတိယအကြိမ်လွှတ်တော် ၂ နှစ်ကျော်ကာလ အထိ ပြဌာန်းနိုင်ခြင်း မရှိသေးကြောင်း မေးခွန်းမေးမြန်းသူက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေဘက်က အားနည်းချက်တွေ၊ အရည်အချင်းမပြည့်ဝတာတွေ၊ အကျင့်စာရိတ္တပိုင်း ဆိုင်ရာ ပျက်စီးတာတွေရှိရင် ကိုယ်စားလှယ်အဖြစ်ကနေ ရုပ်သိမ်းဖို့ ဥပဒေမရှိဘူး ဖြစ်နေတယ်လို့ ဦးစိုင်းသန်းနိုင် က ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆ အရ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာနဲ့ ဖွဲ့စည်းပုံပါပြဌာန်းချက်တရပ်ရပ် ကို ဖောက်ဖျက်တာ၊ အကျင့်သိက္ခာပျက်ယွင်းတာ အပါအဝင် အချက် ငါးချက် ဖောက်ဖျက်တဲ့ ကိုယ်စားလှယ်ကို သက်ဆိုင်ရာမဲဆန္ဒနယ်က မူလမဲဆန္ဒရှင် ၁ ရာခိုင်နှုန်းရဲ့ မဲနဲ့ ကိုယ်စားလှယ်အဖြစ်ကနေ ရုပ်သိမ်းပေး ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်တန်းရမယ်လို့ ပြဌာန်းထားပါတယ်။
ကိုယ်စားလှယ်အဖြစ်ကနေ ပြန်လည်ရုပ်သိမ်းနိုင်တဲ့ ဥပဒေပြဌာန်းနိုင်ရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြီးခဲ့တဲ့နှစ်ကလည်း လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။ အဲဒီအချိန်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က လွှတ်တော်ကိုယ်စားလှယ် တာဝန် ကနေ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်းနိုင်ရေးအတွက် ဆောင် ရွက်နေကြောင်း ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ အချိန်တစ်နှစ်ကြာမြင့်နေပြီဖြစ်ပေမယ့် အခုချိန်ထိ ဒီဥပဒေပြဌာန်းနိုင်ရေးအတွက် အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပါဘူး။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက်တွေ၊ အဟန့်အတားတွေရှိတယ်ဆိုပြီး ပထမအကြိမ်လွှတ်တော်မှာ ဆိုင်းငံ့ခဲ့သလို အခုဒီအခြေအနေကို ကျော်လွှားနိုင်အောင် ပြန်လုပ်ပေးနေတယ်လို့ လည်း ဦးအောင်မြင့် က ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၇ မှာ ပြည်ထောင်စုလွှတ်တော်ဟာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာနဲ့ ရုပ်သိမ်းခြင်းဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ဥပဒေတွေကို ပြဌာန်းရမယ်လို့လည်း ပြဌာန်းထားပါတယ်။