မြန်မာပြည်ကို ပြန်သွားခြင်း ဇာတ်ကား ထိပ်တန်း စာရင်းဝင်

မြန်မာနိုင်ငံဖွား တရုတ် အမျိုးသားတဦး ရိုက်ကူးတဲ့ “မြန်မာပြည်ကို ပြန်သွားခြင်း” Return to Burma အမည်ရှိ ရုပ်ရှင် ဇာတ်ကားဟာ တောင်ကိုရီးယား နိုင်ငံမှာ ကျင်းပနေတဲ့ “ပူဆန်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်” ရဲ့ ဆန်ခါတင် ဇာတ်ကား ၁၃ ခုစာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဖွား တရုတ် အမျိုးသား Midi Zhao ရိုက်ကူးတဲ့ “မြန်မာပြည်ကို ပြန်သွားခြင်း” Return to Burma အမည်ရှိ ရုပ်ရှင် ဇာတ်ကား၏ ဇာတ်ဝင်ခန်း တခန်းကို တွေ့ရစဉ်။ (screen snapshot)
မြန်မာနိုင်ငံဖွား တရုတ် အမျိုးသား Midi Zhao ရိုက်ကူးတဲ့ “မြန်မာပြည်ကို ပြန်သွားခြင်း” Return to Burma အမည်ရှိ ရုပ်ရှင် ဇာတ်ကား၏ ဇာတ်ဝင်ခန်း တခန်းကို တွေ့ရစဉ်။ (screen snapshot) (RFA)

“မီဒီကျောက်” (Midi Zhao) အမည်ရှိ အဲဒီ တရုတ်အမျိုးသား ဒါရိုက်တာဟာ မြန်မာနိုင်ငံမှာ မွေးဖွားပြီး အသက် ၁၆ နှစ်အရွယ်မှာ ထိုင်ဝမ် နိုင်ငံကို ပညာသင်ကြားဖို့ ထွက်ခွာသွားခဲ့ ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ လျှို့ဝှက် ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားဟာ- နှစ်ပေါင်းများစွာ ခွဲခွာလာခဲ့တဲ့ မွေးဇာတိ နိုင်ငံကို ပြန်သွားတဲ့ ရွှေ့ပြောင်း အလုပ်သမား လူငယ်တယောက် သူထင်ထားသလို တိုင်းပြည်မှာ ဘာအပြောင်းအလဲမှ ထူးထူးခြားခြား မရှိတာကို တွေ့လိုက်ရတဲ့ အကြောင်း ဇာတ်လမ်းဖွဲ့ပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားရဲ့ ရိုက်ကွက် ၉ဝ ရာခိုင်နှုန်းလောက်ကို မြန်မာနိုင်ငံတွင်းမှာ ရိုက်ကူးခဲ့တာ ဖြစ်ပေမယ့် စစ်တပ်နဲ့ ရဲတွေရဲ့ နှောင့်ယှက်မှုကို ရှောင်ရှားဖို့ အတွက် သိုသိုသိပ်သိပ်နဲ့ ၂ ပတ်အတွင်း အပြီး ရိုက်ကူးခဲ့ရတယ်လို့ အဲဒီ ဒါရိုက်တာက ဆိုပါတယ်။ “ပူဆန်း နိုင်ငံတကာ ရုပ်ရှင် ပွဲတော်” မှာ ၂ဝ၁၁ ခုနှစ် အတွင်း ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ဇာတ်ကားတွေထဲက အကောင်းဆုံးကားတွေကို ရွေးချယ်ပြီး New Currents “ရေစီးကြာင်းသစ်” အမည်ရှိဆုကို ချီးမြင့်မှာပါ။ အာရှတိုက်ရဲ့အကြီးကျယ်ဆုံး ရုပ်ရှင် ပွဲတော်ဖြစ်တဲ့ အဲဒီပွဲမှာ နိုင်ငံပေါင်း ၇ဝ က ရုပ်ရှင်ကား ၃ ရာကျော် ပြသနေပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ပြင်သစ် ဒါရိုက်တာ လု-ဘဲင်ဆင် (Luc Besson) ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင် ဇာတ်ကား လည်း ပါဝင်တယ်လို့ သိရပါတယ်။