မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန် အကောင်အထည်ဖော်ဖို့ MoU ထိုး
2018.05.08

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန် စီမံကိန်းအကောင်အထည်ဖော် ဖို့ ပြည်နယ်အစိုးရနဲ့ တရုတ်နိုင်ငံ ယူနန်ထိန်ချုံး ဟိန်ရုန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတို့အကြား ဒီကနေ့ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးလိုက်ပါတယ်။
အဲဒီ စီးပွားဖွံ့ဖြိုးရေးဇုန် အကောင်အထည်ပေါ်လာရင် တိုင်းပြည်နဲ့ လူထုအတွက် အကျိုးရှိစေမှာဖြစ်တယ်လို့ ကချင်ပြည်နယ် ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်း က ပြောပါတယ်။
"ပါဝင်မယ့်ရာခိုင်နှုန်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အသေးစိတ်တွေကိုတော့ ကျနော်တို့ ဆက်ဆွေးနွေး ရဦးမှာဖြစ်ပါတယ်။ အခု MoU ထိုးတဲ့ဟာကတော့ ဒီစီမံကိန်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တရုတ်နိုင်ငံ ဟိန်ရုန်ကုမ္ပဏီတို့ ပူးပေါင်းပြီးတော့မှ အကျိုးတူဆောင်ရွက်မယ်ဆိုတဲ့ နားလည်မှုစာချွန်လွှာပဲဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတွေအတွက် အလုပ်အကိုင်တွေ ဖန်းတီးပေးနိုင် မယ့် အခြေအနေ အများကြီးဖြစ်လာမယ်။ နိုင်ငံအတွက် အများကြီး အကျိုးဖြစ်ထွန်းမယ့် ကိစ္စမျိုးဖြစ်ပါတယ်"
ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနဲ့ တရုတ်နိုင်ငံ ယူနန်ထိန်ချုံး ဟိန်ရုန် ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာတို့က MoU လက်မှတ်ရေးထိုးကြပြီး ဝန်ကြီး ဦးဝေလင်းက အသိသက်သေအဖြစ် လက်မှတ်ထိုးတာလို့ ဆိုပါတယ်။
စီမံကိန်းအကောင်အထည်ဖော်ဖို့ အချက် ၂၀ ပါတဲ့ သဘောတူညီမှုကို လက်မှတ်ရေးထိုးပြီးတဲ့နောက် ၃ လ အတွင်း အသေးစိတ်ပြန်လည်ညှိနှိုင်းကြမှာဖြစ်ပါတယ်။ စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းမှာ စိုက်ပျိုးမွေးမြူရေး၊ စက်မှုကဏ္ဍ၊ သွင်းကုန်ုထုတ်ကုန်၊ ကုန်သွယ်ရေး၊ ဟိုတယ်ခရီး စတဲ့ကဏ္ဍပေါင်းစုံမှာ ရင်းနှီးမြှုပ်နှံကြမယ့် နှစ်ရှည် စီမံကိန်းဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက်တုန်းကလည်း ဝိုင်းမော်မြို့နယ်အတွင်းမှာ စက်မှုဇုန် အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပေမယ့် စီမံကိန်း မြေဧရိယာနဲ့ပတ်သက်ပြီး ဒေသခံတောင်သူတွေနဲ့ ပြည်သူတွေက ကန့်ကွက်ခဲ့ တာကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။
မြစ်ကြီးနားမြို့ရဲ့ အနောက်မြောက်ဘက် ၁၀ မိုင်ကျော်အကွာ နန်ကျင်ရွာအနီးက မြေလွတ်မြေရိုင်း မြေဧက ၄၇၀၀ ပေါ်မှာ အကောင်အထည်ဖော်မယ့် အဲဒီစီမံကိန်းဟာ အကြီးစား စီးပွားဖွံ့ဖြိုးရေးဇုန်တခုဖြစ်လာမယ်လို့ သိရပါတယ်။