ငါးလအတွင်း တရားဝင် မြန်မာလုပ်သား ငါးသောင်းကျော် ထိုင်းမှာ ရောက်ရှိ

ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူစာချွန်လွှာ MOU စနစ်နဲ့ ငါးလအတွင်း မြန်မာအလုပ်သမား ၅၇ဝဝဝ ကျော် ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီလို့ သိရပါတယ်။
ဒီအလုပ်သမား ၅၇ဝဝဝ ကျော်ထဲက ၈ဝ ရာခိုင်နှုန်းဟာ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေ ပို့ဆောင်တဲ့ အလုပ်မှာ အလုပ်လုပ်ကိုင်နေပေမယ့် ၂ဝ ရာခိုင်နှုန်းလောက်က အေဂျင်စီတွေ ပို့ဆောင်တဲ့ အလုပ်နဲ့ မတူဘဲ တခြားနေရာတွေမှာ လုပ်ကိုင်နေရတာတွေ ရှိနေတယ်လို့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။
“၈၀ ရာခိုင်နှုန်းလောက်က အေဂျင်စီတွေ ခေါ်သွားတဲ့အလုပ်ကောင်းတွေနဲ့ ရနေပြီး ကျန်တဲ့ ၂ဝ ရာခိုင်နှုန်းက ခေါ်သွားတာ အထည်ချုပ်ဆိုပေမယ့် ရာဘာခြံထဲကို ရောက်သွားတယ်”
ပြီးခဲ့တဲ့ မေလ ၁ဝ ရက်ကနေ အခု အောက်တိုဘာလ ၁၆ ရက်နေ့ထိ MOU စနစ်နဲ့ ဝင်လာတဲ့ မြန်မာအလုပ်သမားတွေကို ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေနဲ့ ပို့ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
MOU အလုပ်သမားတွေဟာ ထိုင်းနိုင်ငံက ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ အီလက်ထရောနစ်၊ မွေးမြူရေးနဲ့ ပင်လယ်စာ၊ အထည်ချုပ်၊ ဆောက်လုပ်ရေး စတဲ့လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။
အခုလို MOU စနစ်နဲ့ ဝင်လာတဲ့ အလုပ်သမားတွေ ရှိသလို တရားမဝင် လမ်းကြောင်းကနေ ဝင်လာတဲ့ မြန်မာလုပ်သားတွေလည်း နေ့စဉ်ဆိုသလို ရှိနေတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
အောက်တိုဘာလ ၁၉ ရက်နေ့က ရတ်ထဖုန်ခရိုင် ဆုံခလာမြို့နယ်အတွင်း တရားမဝင် မြန်မာ ၅ဝ ဦးကို ထိုင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးခဲ့သလို၊ အောက်တိုဘာလ ၁၈ ရက်က ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံကို အလုပ်သွားလုပ်မယ့် တရားမဝင် မြန်မာ ၃ဝ ဦးကို ထိုင်းနိုင်ငံ ရတ်ချဘူရီခရိုင်မှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပိုစ့်သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်း-မြန်မာနယ်စပ် တာ့ပ်ခရိုင် ဖုတ်ဖရာမြို့နယ်ထဲမှာလည်း အောက်တိုဘာလ ၁၆ ရက်နေ့က မြန်မာလုပ်သား ၈ ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။