မြန်မာနယ်စပ်မှာရှိနေတဲ့ မော်ရိုကိုနိုင်ငံသား နှစ်ရာကျော်လွတ်ဖို့ အစိုးရကိုတောင်းဆို
2024.05.27

မြန်မာနိုင်ငံနယ်စပ်မှာ အဖမ်းခံထားရတဲ့ မော်ရိုကိုနိုင်ငံသား နှစ်ရာကျော် ပြန်ပြီး လွတ်မြောက်ရေးအတွက် အမြန်ဆုံး ကြားဝင်ဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့ နှစ်ဆယ်က မော်ရိုကို အစိုးရကို တိုက်တွန်းလိုက်တယ်လို့ မနေ့ကထုတ်တဲ့ မော်ရိုကိုကမ္ဘာ့သတင်းမှာ ဖော်ပြထားပါတယ်။
သူတို့ဟာ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဆီမှာ အလုပ်လုပ်ခဲ့ရသလို၊ ထိုင်း-မြန်မာနယ်စပ်က စခန်းတစ်ခုမှာရှိနေတယ်လို့ ယူဆရပြီး ညှဉ်းပန်းနှိပ်စက်ခံရတာ၊ အာဟာရချို့တဲ့နေတာ၊ ဆေးကုခွင့် ကောင်းကောင်းမရတာ၊ အတင်းအကျပ်အလုပ်ခိုင်းစေခံရတာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့်အဖမ်းခံရတဲ့သူတွေ ပြန်လွတ်ရေးအတွက် ကူညီဖို့ မော်ရိုကိုမြို့တော် ရာဘတ်မှာရှိတဲ့ တရုတ်သံရုံး၊ မော်ရိုကို နိုင်ငံခြားရေးဝန်ကြီးရုံးနဲ့ အာဖရိကန်ပူးပေါင်းဆောင်ရွက်ရေးရုံးတွေရှေ့မှာလည်း မေလ ၁၆ ရက်နေ့က မိသားစုတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီအတောအတွင်းမှာပဲ တချို့မိသားစုတွေက ပြန်ပေးသမားတွေတောင်းတဲ့ငွေကို ပေးလိုက်တာအပြင် နိုင်ငံတကာအဖွဲ့တွေရဲ့ ကြားဝင်ဆောင်ရွက်မှု စတဲ့နည်းမျိုးစုံကြိုးစားမှုကြောင့် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားသုံးဦး ပြန်လွတ်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မော်ရိုကိုလူ့အခွင့်အရေးအဖွဲ့ နှစ်ဆယ်ပူးပေါင်းပြီး သူတို့အစိုးရကို တောင်းဆိုလိုက်သလို၊ ရာဘတ်မြို့က တရုတ်နဲ့ ထိုင်းသံရုံးတွေကိုလည်း စာပေးပို့လိုက်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။