ကိုးလအတွင်း NLD ပါတီဝင် ၄၈၀ ကျော် ထပ်မံဖမ်းဆီးခံထားရ

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ထောက်ခံသူများ နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်စည်းရုံးမှုမြင်ကွင်း။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ထောက်ခံသူများ နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်စည်းရုံးမှုမြင်ကွင်း။ (Photo:Reuters)

၂၀၂၂နှစ် ဖေဖော်ဝါရီလဆန်းကနေ အောက်တိုဘာလကုန်အထိ ကိုးလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၄၈၃ ဦးကို စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့တယ်လို့ NLD က ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့စာရင်းတွေအရ သိရပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က NLD ပါတီထုတ်ပြန်တဲ့ စာရင်းမှာ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင် ၆၈၆ ဦးရှိနေပြီး လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦးပါဝင်တယ်လို့ ဖော်ပြပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ဒီနေ့ထုတ်ပြန်တဲ့ စာရင်းမှာတော့ အဖွဲ့ချုပ်အဖွဲ့ဝင် ၁၁၆၉ ဦးဖမ်းဆီးခံထားရပြီး ဖမ်းခံထားရသူတွေထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၉၀ ပါဝင်နေသေးတယ်လို့ ထုတ်ပြန်လာပါတယ်။ ဒါကြောင့် ထပ်တိုးဖမ်းခံရသူဟာ ၄၈၀ ကျော်ရှိလာတာဖြစ်ပါတယ်။

ဖမ်းဆီးခံရချိန်မှာ သေဆုံးတဲ့ ပါတီဝင် ၆၇ ဦးရှိပြီး အဲ့ဒီအထဲမှာ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးပါဝင်တယ်လို့ ပြောပါတယ်။

ပါတီရုံးကျူးကျော်ဝင်ရောက်ခံရမှုက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ (၁) ရက်နေ့အထိ ( ၉၁) ကြိမ်အထိရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာတော့ အကြိမ် ၁၂၀ ရှိလာလို့ ကိုးလအတွင်း အကြိမ် ၃၀ နီးပါးထပ်တိုးလာပါတယ်။

2021-02-01T053759Z_1450222081_RC2HJL96ZFSI_RTRMADP_3_MYANMAR-POLITICS.JPG
FILE PHOTO: Supporters of Myanmar's pro-democracy figurehead Aung San Suu Kyi gather outside National League for Democracy headquarters in Yangon ရန်ကုန်မြို့ NLD ပါတီရုံးရှေ့မှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စောင့်ကြည့်နေခဲ့ကြသူများ။ Photo:Reuters (Jorge Silva/REUTERS)

လွန်ခဲ့တဲ့ ကိုးလက ၁၁၇ ဦး ထက်မနည်းတဲ့ ပါတီဝင်တွေရဲ့နေအိမ်တွေ ချိပ်ပိတ်ခံထားရတယ်လို့ NLD ကထုတ်ပြန်ထားပြီး ဒီနေ့ထုတ်ပြန်ချက်မှာ ပါတီဝင် ၂၇၄ ဦးရဲ့ ပိုင်ဆိုင်မှုနေအိမ်တွေ ချိပ်ပိတ်ခံထားရတယ်လို့ ပြောထားတာကြောင့် ချိပ်ပိတ်ခံထားရတဲ့နေအိမ်အရေအတွက်ကလည်း ကိုးလအတွင်း (၁၅၀) ကျော်တိုး လာခဲ့ပါတယ်။

ချိပ်ပိတ်ခံထားရတဲ့ နေအိမ် ၂၇၀ ကျော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၃၆ ဦးရဲ့ နေအိမ်တွေပါဝင်တယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မဲဆန္ဒနယ် ၁၁၁၇ ခုအနက် မဲဆန္ဒနယ် ၉၂၀ မှာ အနိုင်ရခဲ့ပြီး ထောက်ခံမှု ၈၂.၄ ရာခိုင်နှုန်းရရှိခဲ့တာဖြစ်ပါတယ်။