ထားဝယ်မြို့နယ် ဝကုန်းရွာ မီးရှို့ခံရပြီး ဒေသခံ ၄၀၀ နီးပါးထွက်ပြေး

RFA Burmese
2023.01.09
ထားဝယ်မြို့နယ် ဝကုန်းရွာ မီးရှို့ခံရပြီး ဒေသခံ ၄၀၀ နီးပါးထွက်ပြေး တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဝကုန်းရွာမှ လူနေအိမ်များ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဝကုန်းရွာကို ဇန်နဝါရီလ ၈ ရက်မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၁၅ လုံးမီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ၄၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထားဝယ်မြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဝကုန်းရွာအနီးမှာ ဒေသကာကွယ်ရေးတပ်တွေက ပစ်ခတ်ခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုအပြီးမှာ ကျေးရွာကို မီးရှို့ခဲ့တာလို့ ဝကုန်းရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

"သူတို့ ချောင်းမြောင်းပစ်ခတ်ခံရတယ်။ သူတို့က ကျနော်တို့ရွာကို ဘာမဟုတ်တာ လေးနဲ့ ရှို့တာ။ အိမ်တွေဆိုတာ ဘာမှမကျန်တော့ဘူး။ တန်ဖိုးကြီးအိမ်တွေလည်း မကျန်တော့ဘူး။ သာမန်လူတန်းစား အိမ်တွေလည်း ဘာမှမကျန်တော့ဘူး"

ဝကုန်းရွာဟာ ထားဝယ်မြို့ရဲ့ အရှေ့ဘက် ၂၃ မိုင်အကွာ ထားဝယ်-ထီးခီး ကားလမ်း ပေါ်မှာရှိပြီး အိမ်ခြေ ၂၀၀ ကျော်ရှိတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက သူတို့လာတဲ့လမ်းတစ်လျှောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရှင်းလင်းတာကြောင့် ဝကုန်းရွာက အရပ်သားတွေဟာ မနေ့က မနက်ပိုင်းကတည်းက ကြိုတင်တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးယဉ်ထွေးကတော့ ဒီရွာဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေ နေထိုင်ရာ ရွာဖြစ်ပြီး နေအိမ်မီးလောင်တဲ့ဖြစ်ရပ်ကို အတိအကျမသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

"အဲဒီဝကုန်းမှာက လက်နက်ကိုင်အဖွဲ့အစည်းတွေ နေကြတာပေါ့နော်။ အဲဒီမှာ တိုက်ပွဲဖော်ဖော်ပြီး လုပ်နေတာ။ စာရေးစာပို့ ဝန်ထမ်းတွေ၊ တပ်မတော်တို့၊ ရဲတပ်ဖွဲ့တို့ကို အဲဒီနားမှာ လုပ်လုပ်နေတာ။ အဲဒီကိစ္စက ကြားတယ်။ (မီးရှို့ခံရတဲ့ အိမ်တွေနဲ့ ပတ်သက်လို့) အဲဒါက အတိအကျမသိရသေးဘူး။ ပြန်ပြောပေးမယ်လေ"

စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း နေအိမ် ၁၈၈ လုံး မီးရှို့ခံခဲ့ရတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor က ဇန်နဝါရီလ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။