ဂန့်ဂေါမြို့က ရွာတွေမှာ ၃ ရက်အတွင်း ၁၀ ဦး အသတ်ခံရပြီး နေအိမ် ၂၀၀ ကျော် မီးရှို့ခံရ

2022.03.03
ဂန့်ဂေါမြို့က ရွာတွေမှာ ၃ ရက်အတွင်း ၁၀ ဦး အသတ်ခံရပြီး နေအိမ် ၂၀၀ ကျော် မီးရှို့ခံရ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကုန်းရွာ မီးလောင်ခဲ့တာကို ၂၀၂၂ မတ်လ ၁ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများ ကူညီရေး ကော်မတီ (YRCIDP)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက သင်တော၊ မြင်သာ၊ ရွှေဘိုနဲ့ ကုန်းရွာတွေကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်ခဲ့တာကြောင့် ၃ ရက်အတွင်း ရွာသား ၁၀ ဦး သေဆုံးပြီး လူနေအိမ် ၂၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ရွှေဘိုရွာထဲကို စတင် ဝင်ရောက်တိုက်ခိုက်ချိန်မှာပဲ တက္ကသိုလ် ဝင်တန်း အောင်ပြီးသား ကျောင်းသားတစ်ဦး အပါအဝင် အသက် ၂၀ ဝန်းကျင် လူငယ် ငါးဦးကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့သလို နှစ်ဦးကို ပစ်သတ်ခဲ့ပြီး ရွာကိုလည်း မီးရှို့ သွားတယ်လို့ ရွှေဘိုရွာသားတွေက ပြောပါတယ်။

"ကျွန်တော်တို့ဘက်က လွင်ပြင်ကြီးဆိုတော့ ဘယ်လိုမှ မထိန်းချုပ်နိုင်တော့လို့ ဆုတ်ပြေးရတယ်"

ရွာသားငါးဦးကို ပဲရိုးပုံပေါ်မှာ အရှင်လတ်လတ် မီးရှို့သတ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေဘိုရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ငါးဦးကိုတော့ ပဲရိုးပုံပေါ်မှာ အရှင်လတ်လတ် မီးရှို့သတ်သွားတယ်။ ဘုန်းကြီးကျောင်း နားမှာတော့ ပြေးရင်းလွှားရင်း ကြောက်လို့ပြေးတဲ့သူတစ်ဦး သေနတ်မှန်ပြီး သေတယ်။ တောင်ခရမ်းဘက်ကို ဆိုင်ကယ်နဲ့ပြေးတဲ့ အထဲမှာမှ သူက ဓားလွယ်ထားလို့ ပြောတယ်။ တောင်ခရမ်းရဲစခန်းထဲက ကင်းဝပ်နေတဲ့ နေရာကနေ အပစ်ခံရလို့ သေတာက တစ်ဦး။ အဲဒါလည်း ကျွန်မတို့ ရွှေဘိုသားပဲ”

မီးရှို့အသတ်ခံရတဲ့အထဲမှာ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အောင်ပြီးသား လူငယ် တစ်ဦးလည်း ပါဝင်ပြီး ကျန်တဲ့သူတွေကလည်း အသက် ၂၀ ဝန်းကျင် လူငယ်တွေလို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ လူငယ်တစ်ဦးရဲ့ မိခင်ဖြစ်သူကလည်း သူ့သားသေဆုံးတာကို ကြည့်တောင် မကြည့်ရဲခဲ့ဘူးလို့ RFA ကို ပြောပါတယ်။

“မပြောလည်း မပြောချင်ဘူးကွယ်။ ပြောလည်း မပြောရက်ဘူး။ ပူဆွေးရတာပဲ ရှိတယ်။ ကိုယ့်သားပါတယ် ဆိုတော့ ဘယ်ကြည့်ရဲမလဲ။ သူက ငယ်ငယ်ကတည်းက သူများကို ထိခိုက်နစ်နာအောင်၊ နာကျင်အောင် မလုပ်ခဲ့ဘူး။ အေးဆေးသမား၊ သူက ဘာမှမလုပ် ဘူး။ ကိုယ့်သားဆုံးရှုံးတော့ ပူပန်သောကရောက်တာပေါ့။ ဒီလိုပဲ ဖြေသိမ့်ရတာပေါ့။ အခု ငိုလိုက်ပျောက်လိုက်ပေါ့။ ကိုယ်တောင် ပြေးနေရတာ။ ကိုယ့်ရွာနဲ့ကိုယ်တောင် မနေရဲ ဘူး။ အခုက သူများရွာမှာ နေနေရတာ”

မီးရှို့အသတ်ခံလိုက်ရတဲ့ အထဲမှာ သားဖြစ်သူအပြင် အသက် ၁၈ နှစ်အရွယ် တူဖြစ်သူ လည်း ပါသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ အဲဒီ ဖေဖော်ဝါရီလ ၂၈ ရက် နေ့မှာပဲ တစ်ဆက်တည်း မြင်သာရွာကို ထပ်မံဝင်ရောက်စီးနင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ တဲ့အပြင် ရွာကိုပါ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟံသာဝတီ၊ ကျောက်ပြုတ်၊ ကုက္ကား၊ လယ်ကြီးနဲ့ မြောက်ခရမ်း စတဲ့ ရွာတွေမှာရှိတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ သင်တောရွာကို မဝင်ခင် လွန်ခဲ့တဲ့ ၄ ရက်လောက်ကတည်းက စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့အတူ သင်တော အပါအဝင် အနီးအနားရွာတွေကို ဝင်ရောက်ဖို့ စီစဉ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီရွာတွေဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ကို ထောက်ခံသူ တွေများပြီး စစ်တပ်ကို ထောက်ခံသူတွေများတဲ့ ရွာတွေဖြစ်တာကြောင့် ပျူစောထီး အားကောင်းတဲ့ ရွာတွေဖြစ်ပါတယ်။

သင်တောအပါအဝင် ပတ်ဝန်းကျင်ရွာတွေကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၂၀၀ လောက်နဲ့ ဝင်ရောက်စီးနင်းတာကြောင့် ဆုတ်ပေးခဲ့ရတယ်လို့ သင်တောရွာ ပြည်သူ့ ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“သင်တောဘက်ကို မီးရှို့မှာကြောက်လို့ တပ်စိတ် ၂ စိတ်ပဲခံပြီး စောင့်တာလေ။ ကျွန် တော်တို့နောက်က အကူတပ်တွေလည်း ရောက်လာတယ်။ အဲဒါပြီး လေးငါးရက် လောက် ကြာသေးတယ်။ သူတို့ ပုလဲဘက်က စစ်ကြောင်းနဲ့ ပူးပေါင်းပြီးမှ ရွှေဘို ရေသာဘက်ကဝင်ပြီး နောက်ကျောကနေ ရွာကို သူတို့ ဝိုက်တက်တာ။ ကျွန်တော်တို့ ဘက်က လွင်ပြင်ကြီးဆိုတော့ ဘယ်လိုမှ မထိန်းချုပ်နိုင်တော့လို့ ဆုတ်ပြေးရတယ်။ ဆုတ်ပြေးတဲ့ အချိန်မှာ ကျွန်တော်တို့ ရွာကို မီးရှို့တာ။ အိမ်ခြေ ၁၇၀ ဝန်းကျင်တော့ ပါသွားတာပေါ့”

သင်တောရွာမှာ အိမ်ခြေ ၂၂၀ ရှိတဲ့အနက် ၁၇၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့သလို ရွာရဲ့ နေကြာခင်းထဲမှာလည်း ဒေသခံ ဦးတင်ဝင်းဆိုသူ ထွက်ပြေးရင်းနဲ့ပဲ ပစ်သတ်ခံလိုက် ရတယ်လို့ ဆိုပါတယ်။

ရွာထဲမှာရှိတဲ့ ဝက်၊ နွားနဲ့ တိရစ္ဆာန်တွေကို မြောက်ခရမ်းဘက်က ပျူစောထီးတွေ ယူသွားပြီးနောက် တစ်ရွာလုံးနီးပါးကို မီးရှို့ဖျက်ဆီးသွားတာကြောင့် ဒေသခံတွေရဲ့ ဆန်၊ စပါး၊ စားသောက်ကုန်နဲ့ တန်ဖိုးကြီး ပစ္စည်းတွေပါ ဆုံးရှုံးလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ဒါပေမဲ့ PDF အဖွဲ့ဝင်မဟုတ်သူတွေကို ပစ်သတ်စရာအကြောင်းမရှိသလို ရွာတွေကို မီးရှို့တာလည်း စစ်ကောင်စီဘက်က ဘယ်တော့မှမလုပ်ဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။

အဲဒီအဖွဲ့ဝင်တွေဟာ မတ်လ ၁ ရက်နေ့မှာလည်း မေတ္တာမြစ်ရဲ့ အရှေ့ဘက်ကမ်း ကုန်း ရွာကို ထပ်မံဝင်ရောက်ခဲ့ပြီး လူနေအိမ် ၃၆ လုံးအပြင် စပါးကျီ၊ နွားစာတိုက်၊ မီးဖိုဆောင် စတဲ့ အဆောက်အအုံ အသေး ၁၃၄ ခုကို မီးရှို့သွားတယ်လို့ ကုန်းရွာသားတွေက ပြောပါ တယ်။

လက်ရှိအချိန်အထိ တစ်ရွာလုံးနီးပါး ထွက်ပြေးနေရပြီး ဆေးဝါးနဲ့ စားသောက်စရာတွေ အရေးတကြီး လိုနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်းရွာဒေသခံက RFA ကို ပြောပါတယ်။

“လက်ရှိအခက်အခဲကတော့ ကျွန်တော်တို့ ဆေးဝါးတွေလည်း လိုမယ်ဗျ။ အခု လောလောဆယ် အိမ်မီးလောင်တော့ စိုးရိမ်သောက များတာတွေရော၊ ပူပန်သောက များတာတွေရော ပြီးတော့ ကျွန်တော်တို့ဘက်မှာ အဖျားတွေ တအားထနေတယ်။ အဖျားတွေကြောင့် လူးလိမ့်ပြီး ခံနေရတယ်ဗျ။ ရေကလည်း မသန့်ဘူး။ ချောင်းထဲ၊ မြောင်းထဲက ရေတွေကို သောက်ကြရတာဆိုတော့ အဆင်မပြေဘူးဖြစ်နေတယ်။ အဝတ်အစားတွေ လိုတယ်။ မီးလောင်တဲ့ အဝတ်အစားတွေက ဘာမှကို ပြန်မရ တော့ဘူးဗျ”

kone-village.jpg
(မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကုန်းရွာ မီးလောင်ခဲ့တာကို ၂၀၂၂ မတ်လ ၁ ရက်နေ့က တွေ့ရစဉ်) Photo: (YRCIDP)

ကုန်းရွာကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဝင်ရောက်ဖျက်ဆီးချိန်မှာ အသက် ၂၅ နှစ်အရွယ် ကုန်းရွာသား ကိုဇော်နိုင်အေးကိုပါ ပစ်သတ်သွားတယ်လို့လည်း ဆိုပါတယ်။

ကုန်းရွာဟာ အိမ်ခြေ ၄၅၀ ဝန်းကျင်နဲ့ လူဦးရေ နှစ်ထောင်ကျော်ရှိပြီး မြောက်ခရမ်းရဲစခန်း နဲ့ တစ်မိုင်ဝန်းကျင်သာ ဝေးတာကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ပါ လှမ်းပစ်နေလို့ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

မတ်လ ၃ ရက် ဒီနေ့ မနက်ပိုင်းမှာတော့ ရွာတွေထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် သားတွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေ ပြန်လည်ထွက်ခွာသွားကြပေမယ့် ဒေသခံတွေကတော့ နီးစပ်ရာရွာတွေနဲ့ ဘေးလွတ်ရာ တောတွေထဲကို ထွက်ပြေးပုန်းရှောင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့အထိ တစ်နှစ် ကျော် ကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၆၁၅၈ လုံးရှိတယ်လို့ လွတ်လပ်တဲ့ သုတေ သနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data For Myanmar က မတ်လ ၂ မှာ ထုတ်ပြန်ထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။