၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ဝ၇ ယောက်ထပ်တိုး၊ သုံးဦးထပ်သေဆုံး
2020.09.15
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာသစ် ၂၀၃ ယောက် ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီမှာ ထုတ်ပြန်ကြေညာပါတယ်။
လူနာသစ် ၁၀၄ ယောက် တွေ့ရှိကြောင်း ဒီမနက်ပိုင်းမှာ ထုတ်ပြန်ထားတာကြောင့် ဒီနေ့တစ်ရက်လုံးမှာ တွေ့ရှိတဲ့လူနာစုစုပေါင်း ၃၀၇ ယောက် ရှိပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညပိုင်းထုတ်ပြန်ချက်အရ နောက်ထပ်လူနာ ၃ ဦး သေဆုံးသွားပါတယ်။
ရန်ကုန်တိုင်း ဖောင်ကြီးကုသရေးဌာနမှာ တက်ရောက်ကုသခဲ့တဲ့ လူနာနံပါတ် ၂၃၅၄ အသက် (၆၁) နှစ်အရွယ်အမျိုးသားနဲ့ လူနာနံပါတ် ၂၈၇၆ အသက် (၅၉) နှစ်အရွယ်အမျိုးသား၊ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသခဲ့တဲ့ လူနာနံပါတ် ၃၁၈၆ အသက် (၆၄) နှစ်အရွယ် အမျိုးသားတို့ သုံးဦး ထပ်မံသေဆုံးသွားတာပါ။
သေဆုံးသူတွေဟာ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ ပန်းနာရင်ကြပ်ရောဂါအခံရှိသူတွေဖြစ်ပါတယ်။
အခုအချိန်ထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း ၃၅ ယောက် ရှိသွားပြီဖြစ်ပြီးတော့ ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း ၃၅၀၂ ယောက် ရှိသွားပါပြီ။
ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း ၈၃၂ ယောက် ရှိပါတယ်။