၀တ်ပြုဆုတောင်းဖို့သွားကြတဲ့ ရွာသားများ အာဏာပိုင်က တားဆီး

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လက်ပံတောင်းတောင် ပျောက်ကွယ် မသွားရအောင် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကို ဒီကနေ့ ဝတ်ပြု ဆုတောင်းဖို့ သွားရောက်ကြတဲ့ ဝက်မှေးရွာနဲ့ ရွှေလှေရွာက ရွာသား ၁၀၀ ကျော်ကို လမ်းတစ်ဝက် အရောက်မှာ အာဏာပိုင်တွေက မြစ်တဖက်ကို ဖြတ်ကူးခွင့်မပြုဘဲ တားဆီး ပိတ်ပင်လိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း  ဆန္ဒပြပွဲ၌ မီးသတ်ကား ၃ စီး၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၅၀ က စောင့်ကြည့်နေစဉ်။
စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြပွဲ၌ မီးသတ်ကား ၃ စီး၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၅၀ က စောင့်ကြည့်နေစဉ်။ (RFA)

ခရိုင်ရဲအရာရှိရဲ့ အမိန့်နဲ့ ပိတ်ပင်လိုက်တာ ဖြစ်ပြီး အခုလို ဘုရားမှာ ဝတ်ပြုဆုတောင်းမယ့် သူတွေကို တားဆီးပိတ်ပင်တဲ့ လုပ်ရပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်တယ်လို့ ဒီဝတ်ပြု ဆုတောင်းပွဲကို ဦးဆောင်တဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

ဝက်မှေးရွာနဲ့ ရွှေလှေရွာက ရွာသားတွေဟာ မနက် (၉) နာရီလောက်က ရွာက စထွက်ပြီး ညောင်ပင်ကြီး ဆိပ်ကမ်း အရောက်မှာ တားဆီး ခံရတာဖြစ်ပြီး ရွာသားတွေအနေနဲ့ ညနေပိုင်းအထိ ရွာကိုမပြန်ကြဘဲ အဲဒီမြစ်ဆိပ်ကနေ ဆုတောင်းပြည့်ဘုရားရှိတဲ့ မြစ်တဖက်ကမ်းကို ဖြတ်ကူးခွင့် မပြုမချင်း ထိုင်စောင့်နေကြတယ်လို့ သိရပါတယ်။