မုံရွာမြို့နယ် သာစည်အကျဉ်းထောင်ကို ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သာစည်ကျေးရွာရှိ စစ်ကောင်စီ ကင်းစခန်းနှင့် သာစည်အကျဉ်းထောင်အား Sinper Rangers Force အဖွဲ့မှ တိုက်ခိုက်နေသည်ကို ၂၀၂၄ ခုနှစ် မေလ ၂၅ ရက်နေ့က ထုတ်ပြန်ထားစဉ်။
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သာစည်ကျေးရွာရှိ စစ်ကောင်စီ ကင်းစခန်းနှင့် သာစည်အကျဉ်းထောင်အား Sinper Rangers Force အဖွဲ့မှ တိုက်ခိုက်နေသည်ကို ၂၀၂၄ ခုနှစ် မေလ ၂၅ ရက်နေ့က ထုတ်ပြန်ထားစဉ်။ (Sinper Rangers Force/Screen Capture)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သာစည်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ကင်းစခန်းနဲ့ သာစည်အကျဉ်းထောင်ကို မေလ ၂၄ ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ Sinper Rangers Force က မေလ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သာစည်ထောင်နဲ့ စစ်ကောင်စီ ကင်းစခန်းကို ၆၀ မမ ၊ ၁၂၀ မမ စတာတွေနဲ့ အလုံး ၃၀ ကျော်ပစ်ခတ်ခဲ့သလို လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က စစ်သား ငါးဦးနဲ့ ရဲ နှစ်ဦး သေဆုံးခဲ့ပြီး ဆယ်ဦးထပ်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှု၊ ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာမရှိသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်ပါဘူး။

သာစည်အကျဉ်းထောင်နဲ့ ကင်းစခန်းကို Sniper Rangers Force (Local - PDF) ၊ ဒေါင်းပျောက်ကျားတပ် ၊ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ နဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) စတဲ့ တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီအကျဉ်းထောင်ကို ၂ဝ၂၂ နှစ်ကုန်နဲ့ ၂ဝ၂၃ ခုနှစ်မတ်လလောက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။

အကျဉ်းသား တစ်ထောင် ဆံ့တဲ့ သာစည်အကျဉ်းထောင်သစ်ကို စစ်ကောင်စီက ကျပ်သိန်းပေါင်း (၉၇,၈၀၀) ကျော် အကုန်အကျခံတည်ဆောက်နေတာဖြစ်တယ်လို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ အကျဉ်းထောင်အရာရှိတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးမိစဉ်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။