ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာ စာသင်ကျောင်းနဲ့ နေအိမ် ၅၀ နီးပါး မီးရှို့ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Citizen Journalist)

(Updated - 4:45 PM Mar 28, 2024)

မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှရွာကို စစ်ကောင်စီတပ်က မတ်လ ၂၈ ရက် ဒီနေ့မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နှစ်ထပ်စာသင်ကျောင်းဆောင် အပါအဝင် နေအိမ် ၄၇ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာမြောက်ပိုင်းက နေအိမ်တွေ မီးရှို့ခံရတာဖြစ်ပြီး အခိုင်အမာဆောက်ထားတဲ့ အိမ်ကြီးအိမ်ကောင်းတွေ မီးထဲပါသွားတာလို့ မုံလှရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရွာမှာ ၄၇ လုံး ပါသွားတယ်။ အိမ်ကြီးအိမ်ကောင်း နှစ်ထပ်အိမ်တွေများတယ်။ စာသင်ကျောင်းဆောင်က သုံးဆောင်ရှိတာ။ ပထမတစ်ကြိမ်မှာ နှစ်ဆောင်ပါသွားတယ်။ အခုက နှစ်ထပ်ကျောင်းဆောင်အရှည်ကြီး စစ်ဘေးရှောင်တွေနေတဲ့ဟာ အဲဒါလည်း မီးရှို့ခံလိုက်ရပြီ မရှိတော့ဘူးအခု။ အဲဒီကျောင်းဆောင်က ကာဒီနယ်ကြီး လှူထားတဲ့ ကျောင်းဆောင်"

နေအိမ်တွေအပြင် ကားနှစ်စီးနဲ့ ဆိုင်ကယ်လေးစီးလည်း မီးထဲပါသွားပြီး မီးဘေးသင့်ပြည်သူတွေကတော့ နီးစပ်ရာ စိုက်ခင်း၊ ယာခင်းတွေနဲ့ ဆွေမျိုးနီးစပ်အိမ်တွေမှာ ခိုလှုံနေရတယ်လို့ သူက ဆိုပါတယ်။

မုံလှရွာအနီး စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရွာကိုမီးရှို့သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကြောင်းဟာ ရေဦးမြို့နယ် အောင်သာယာရွာကို ရောက်နေပြီလို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းရဲ့ စစ်ကောင်စီ ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကလည်း မုံလှရွာကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာမှာ လူသုံးဦးသေဆုံးပြီး ရွာက နေအိမ် ၁၀၃ လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ မုံလှရွာဟာ အိမ်ခြေ ၂၀၀ ကျော်က ဘရင်ဂျီလို့ခေါ်တဲ့ ပေါ်တူဂီနွယ်ဝင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ နေထိုင်ကြပြီး ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ အထက်တန်းကျောင်းတွေရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။

မီးလောင်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ နိုင်ငံတစ်ဝန်းမှာ နေအိမ် ရှစ်သောင်းနီးပါး (၇၈,၇၃၇ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

(မှတ်ချက် - မီးရှို့ခံရသည့် နေအိမ်အဆောက်အအုံ အရေအတွက်အား ပြန်လည်ဖြည့်စွက်ထားပါသည်။)