မွန်ဂိုလီယားနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား သတ္တုတူးဖော်ရေး၊ သယံဇာတများ စနစ်တကျ ထုတ်ယူသုံးစွဲမှု၊ စိုက်ပျိုးရေး နဲ့ ခရီးသွားလုပ်ငန်း စတဲ့ ကဏ္ဍတွေမှာ အတွေ့ အကြုံဖလှယ်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
မွန်ဂိုလီယားနိုင်ငံကို သုံး ရက်ကြာ ချစ်ကြည်ရေးခရီးရောက်နေတဲ့ သမ္မတဦးသိန်းစိန်နဲ့ အိမ်ရှင် မွန်ဂိုလီယား သမ္မတ အယ်လ်ဘတ်ဂေ့ါချ် တို့ မနေ့က မှာတွေ့ဆုံဆွေးနွေးပြီး သဘောတူခဲ့တာလို့ တွေ့ဆုံပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာဖော်ပြထားပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ နှစ်နိုင်ငံ ဆက်ဆံရေးမြင့်တင်ဖို့ဆွေးနွေးခဲ့သလို သမ္မတဦးသိန်းစိန်က မွန်ဂိုလီယားနိုင်ငံ ရဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ဇွန်လ ၂၈ ရက်နေ့ မနေ့က မွန်ဂိုလီယားနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး မွန်ဂိုလီယား သမ္မတ အပြင်၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ စတဲ့ခေါင်းဆောင်တွေနဲ့ပါတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၃ဝ ရက်မှာ ခရီးစဉ်ပြီးဆုံးမယ်လို့ သိရပါတယ်။