မုံးကိုးမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် တိုက်ပွဲအရှိန်မြင့်လာ
2021.09.02

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး၊ ကြူကုတ်၊ ပန်ဆိုင်းမြို့နယ်ခွဲတွေမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲတွေအရှိန်မြင့်လာခဲ့ပြီး စက်တင်ဘာလ ၁ ရက် မနေ့ကအထိ စစ်ကောင်စီဘက်က ကျဆုံးသူ ၂၈ ဦး၊ ကိုးကန့်တပ်ဘက်က နှစ်ဦးရှိတယ်လို့ ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာ မုံးကိုးဒေသ ပန်မေ၊ မော်လီရှူးနဲ့ ရှီကျီးကျ တောင်ကုန်းတွေ တစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့သလို စက်တင်ဘာလ ၁ ရက်၊ မနေ့မနက်ပိုင်းမှာတော့ စစ်ရေးအရ အရေးပါ တဲ့အတွက် စစ်ကောင်စီက စိုးမိုးဖို့ကြိုးစားနေတဲ့ ဖောင်းဆိုင်ရွာအကျော်က တောင်ကုန်းတစ်ခုကို ကိုးကန့် တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
နေ့စဉ်လိုလို နှစ်ဘက်စစ်ရေးအရှိန် ဆက်မြင့်နေတဲ့အတွက် အခုရက်ပိုင်းတွေထဲမှာ ကောင်းလုံကျေးရွာအုပ်စု အတွင်းရွာခြောက်ရွာက ဒေသခံခုနစ်ရာကျော်ဟာ မုံးကိုးမြို့ပေါ်ကို ထွက်ပြေးရောက်ရှိနေတယ်လို့ ဒုက္ခသည် အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
"မြို့ထဲမှာဖြစ်ပြီဆို ကျွန်တော်တို့ ရှောင်ဖို့နေရာကို မရှိတာ”
တိုက်ပွဲတွေ မုံးကိုးမြို့ပေါ်အထိဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြရတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ မုံးကိုးမြို့ခံတစ်ဦးက ပြောပါတယ်။
“အခုက မြို့နားက တောင်ပေါ်ဒေသတွေမှာ ရွာဘက်တွေမှာဖြစ်တယ်၊ အခုကျတော့ မြို့ထဲကို စစ်ရှောင် လာလို့ ရတာပေါ့လေ။ မြို့ထဲမှာဖြစ်ပြီဆို ကျွန်တော်တို့ ရှောင်ဖို့နေရာကို မရှိတာ။ ကျွန်တော်တို့ ၂၁၀၆ ခုနှစ်ကလို တရုတ်ဘက်ကို ရှောင်ဖို့ကလည်း မလွယ်ဘူးလေနော။ ရောဂါအခြေအနေကြောင့် နယ်စပ် တံခါးတွေလည်း ပိတ်ထားတယ်၊ ခြံစည်းရိုးတွေလည်း စီစီတီဗီတွေပါ တပ်ထားတဲ့အခါကျတော့ အဲဘက် ကိုကူးဖို့ကျတော့ မြို့ထဲမှာဖြစ်ခဲ့သည်ရှိရင်တော့ မလွယ်တော့ မလွယ်ဘူးပေါ့။ မြို့လည်း သေးသေးလေး ဖြစ်နေတော့”
ထွက်ပြေးလာသူတွေကိုတော့ မုံးကိုးမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ကျောင်း၊ လီဆူကျောင်းတွေမှာ ယာယီနေရာချထားပေးနေရတယ်လို့ ပြောပါတယ်။
အခုလက်ရှိမှာတော့ မုံးကိုးမြို့ပေါ်မှာ တည်ငြိမ်နေတာ နှစ်ရက်လောက်ရှိပြီဖြစ်ပေမယ့် မြို့အနီးကျေးရွာတွေနဲ့ တောင်တန်းတွေပေါ်မှာတော့ တိုက်ပွဲသံတွေကြားနေရတယ်လို့ သူက ပြောပါတယ်။
မုံးကိုးမြို့နယ်ခွဲဟာ ကိုးကန့်တပ်ဖွဲ့ MNDAA လှုပ်ရှားရာ ဒေသတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လလောက် ကတည်းက စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်နေခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ပန်ဆိုင်းနဲ့ မုံးကိုးမြို့နယ်ခွဲကြားက ဖိုင်းကောင်းကျေးရွာမှာဆိုရင် ရွာခြောက်ရွာက ဒေသခံ ၁၄၀၀ ကျော်ဟာ ပြီးခဲ့တဲ့ သြဂုတ်လဆန်းထဲက စစ်ရှောင်နေရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့ကဆိုရင် တိုက်ပွဲကြောင့် နမ့်ဟာရွာထဲကို လက်နက်ကြီးကျလို့ ဆယ်နှစ်အရွယ် ကလေးငယ် အပါဝင် အရပ်သား လေးဦး သေဆုံးခဲ့ပါတယ်။
ကယားပြည်နယ်ဘက်မှာလည်း ကရင်နီတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ နေ့စဉ်လိုလို ရှိနေပြီးတော့ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာဆိုရင် စက်တင်ဘာလ ၁ ရက် မနေ့က ခမရ - ၄၂၇ နဲ့ ခလရ - ၁၀၂ တပ်တွေက လက် နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံအမျိုးသမီး တစ်ဦးရဲ့ ဦးခေါင်းကို လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီလိုပဲ PDF ကနေ သူတို့ကိုချောင်းပစ်တော့ သူတို့ လက်နက်တွေ ရမ်းလျှောက်ပစ်လိုက်တယ်လို့ ပြောတယ်။ ဟိုမှာ ဒေါကလော်ဒူလား အဲမှာတော့ အမျိုးသမီးတစ်ယောက် လက်နက်ကြီးစင်သွားတယ် သူ့ခေါင်းမှာ အဲလိုတော့ကြားတယ်”
စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေလို့ မနေ့ကလည်း ထွက်ပြေးတိမ်းရှောင်ရသူတွေရှိ ပေမယ့် စာရင်းအတိအကျ မသိရသေးဘူးလို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ဒီးမော့ဆိုဘက်က ခမရ ၄၂၇ နဲ့ ခလရ ၁၀၂ ကြားမှာ သူတို့ပစ်ကြတော့ အဲနားမှာရှိတဲ့ ရွာတွေကလည်း ရှောင်ကြတယ်လေ။ အဲဒါကလည်း အဲလိုပဲ ရှောင်တဲ့လူတွေကလည်း ရှောင်တယ်။ မရှောင်ဘဲ ကျန်နေခဲ့ တဲ့သူတွေလည်း ကျန်တယ်။ အဲဒါနဲ့ လူတွေသတင်းက ဘယ်လိုမှ အတိအကျ မရဘူးဖြစ်နေတယ်”
ကယားပြည်နယ် လွိုင်ကော်အရှေ့ဘက်ခြမ်း လွိုင်လင်ကျေးရွာအုပ်စုမှာည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲတွေ မကြာခဏဖြစ်ပွားတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသနဲ့ ကယားပြည်နယ်က တိုက်ခိုက်မှုတွေအပြင် ကိုးကန့်တပ်ဖွဲ့ MNDAA က ထုတ်ပြန်တဲ့ အကျအဆုံးစာရင်းတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။
ကရင်ပြည်နယ်အတွင်းမှာတော့ တပ်မဟာ ၆ ထိန်းချုပ်ရာ ဒူပလာယာခရိုင်အတွင်းက ကြာအင်းဆိပ်ကြီး မြို့နယ် ကြိတ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လှုပ်ရှားနေတာကြောင့် စက်တင်ဘာလ ၁ ရက် မနေ့က ကရင်တပ်မတော် KNLA နဲ့ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံတချို့ စတင်တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ် ကျိုက်ဒုံလမ်းမှာရှိတဲ့ ကြိတ်ကျေးရွာနဲ့ ပိုက်ကလာဒုံးကျေးရွာတွေအတွင်းကို ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကစလို့ စစ်ကောင်စီတပ်တွေ ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ဝင်ရောက်လာခဲ့လို့ တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း ဒူပလာယာခရိုင် ပြန်ကြားရေးဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ သတင်းထုတ်ပြန်ထား ပါတယ်။