စစ်ကောင်စီက မုံးကိုးမှာ ထိုးစစ်ဆင်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်

စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်မယ်လို့ ထုတ်ပြန်ထားပေမဲ့ မုံးကိုးမြို့နယ်အတွင်းက ကိုးကန့်တပ်ဖွဲ့စခန်းတွေကို အင်အားတိုး တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ MNDAA ကိုးကန့်တပ်ဖွဲ့က မတ်လ ၁ရက်နေ့ ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ စကခ(၁၂) လက်အောက်ခံတပ်ရင်း (၂၈၇ )က လူအင်အား ၈၀လောက်နဲ့ ဒီမနက် ၆နာရီမှာ မုံးကိုးမြို့နယ် မန်ကျယ်ဒေသ အနောက်ဖက် တောင်ကုန်းမှာရှိတဲ့ ကိုးကန့်တပ်ဖွဲ့ တပ်စခန်းတွေကို ထိုးစစ် ဆင် တိုက်ခိုက်လာတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်တပ်က ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားမယ်လို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
ကိုးကန့်တပ်ဖွဲ့အနေနဲ့ ဥက္ကဋ္ဌဟောင်း ဦးဖုန်ကြားရှင်ရဲ့ ဈာပန ရှိနေတာကြောင့် စစ်ရေးကိစ္စတွေကို ရပ်ဆိုင်း ထားပေမဲ့ စစ်ကောင်စီရဲ့ထိုးစစ်ကြောင့် ပြန်လည်ခုခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၄ရက်နေ့ကစပြီး စစ်ကောင်စီဖက်က ကားအစီး ၄၀ကျော်နဲ့ ကွတ်ခိုင်မြို့ကနေ မုံးကိုးလမ်း တလျှောက်မှာရှိတဲ့ တပ်သားတွေကို သယ်ဆောင် အင်အားဖြည့်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ ကိုးကန့်တပ်ဖွဲ့ထိန်းချုပ်ရာ မုံးကိုးမြို့နယ်အတွင်းက မန်ရန်းတပ် စခန်းကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဖက်က အပစ်ရပ်မယ်ဆိုပြီး အခုလို ထိုးစစ်ဆင်နေတာဟာ စစ်ရေးရပ်ဆိုင်းမှုနဲ့ဆန့်ကျင်နေပြီး အကျိုးမရှိဘူးလို့ ကိုးကန့်တပ်ဖွဲ့က ဆိုပါတယ်။
ကိုးကန့်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်ကတော့ ပြန်လည်တုံ့ပြန်တာ မရှိသေးပါဘူး။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (ကိုးကန့်တပ်ဖွဲ့) ဥက္ကဋ္ဌဟောင်း ဦးဖုန်ကျားရှင် ကွယ်လွန်တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နေစပြီး ရှမ်းပြည် မြောက်ပိုင်းဒေသမှာ ကိုးကန့် တပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တွေ ကြား လဝက်နီးပါ တိုက်ပွဲတွေ ငြိမ်သက်ခဲ့ပြီး ဒီနေ့ မနက်မှာတော့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။
ကိုးကန့်တပ်ဖွဲ့ကတော့ သူတို့ခေါင်းဆောင်ကြီးဦးဖုန်ကြားရှင်ရဲ့ ဈာပနကို အခုလ ၂၉ရက်နေ့မှာ ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေမှာ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းနဲ့မုံးကိုးမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်သြဂုတ်လဆန်းကစလို့ စစ်ကောင်စီနဲ့ ကိုးကန့် တပ်ဖွဲ့ကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တာကြောင့် နေရပ်စွန့်ခွာနေရသူ တစ်ထောင်ကျော် ရှိနေဆဲ ဖြစ်ပါတယ်။