မုန်းမြို့မှာ မြေမြှုပ်မိုင်းနင်းမိတဲ့ အမျိုးသမီး ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံး

RFA Burmese
2024.05.19
မုန်းမြို့မှာ မြေမြှုပ်မိုင်းနင်းမိတဲ့ အမျိုးသမီး ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံး မုန်းမြို့တွင် ၂၀၂၄ ခုနှစ် မေလ ၁၈ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိသည့် အမျိုးသမီး အရေးပေါ်ဆေးကုသမှု ခံယူနေစဉ်။
STTR

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ မေလ ၁၈ ရက်နေ့က မုန်းချောင်းအတွင်း ရေဆင်းခပ်တဲ့ အမျိုးသမီးနှစ်ဦး မိုင်းနင်းမိပြီးနောက် အဲဒီအထဲက အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ စိုးရိမ်ရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

တောင်ငူဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ အဲဒီအမျိုးသမီးဟာ ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးသွားခဲ့တဲ့အတွက် ဆေးကုသမှုခံယူဖို့ အရေးပေါ်သွေးလိုအပ်နေတယ်လို့ ဒေသလူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။

“သွေးက အို(မိုင်းနပ်)သွေးလိုနေတာ။ အဲဒါလေးအဆင်ပြေရင်တော့ သူ့အသက်ဆက်ရှင်ဖို့ အခွင့်အလမ်းရှိတယ်။ မိုင်းနင်းမိပြီးတော့ သွေးထွက်တော်တော်လွန်သွားတာ။ အခု ရှာလို့ရလာတဲ့ သွေးတော့ သွင်းထားတယ်။ ဒါပေမဲ့ လိုအပ်နေသေးတယ်”

နောက်ထပ် အသက် နှစ်ဆယ်အရွယ် အမျိုးသမီးငယ်တစ်ဦးကတော့ မိုင်းနင်းမိပေမဲ့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ မရှိတာကြောင့် နေရပ်ပြန်သွားပြီလို့ ဆိုပါတယ်။

အခုပေါက်ကွဲခဲ့တဲ့ မိုင်းဟာ ဘယ်အဖွဲ့အစည်းက ထောင်ခဲ့တာလဲဆိုတောတော့ တိတိကျကျမသိရသေးဘူးလို့ မုန်းဒေသခံတွေက ပြောပါတယ်။

မုန်းဒေသဝန်းကျင်မှာ မြေမြှုပ်မိုင်းတွေ အများအပြားရှိနေတာကြောင့် ဒေသခံတွေအတွက် စိုးရိမ်နေရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွာရေးကြီး ဦးတင်ဦးကတော့ အရပ်သားတွေ ဒီလိုထိခိုက်ခံစားရတာမျိုးမဖြစ်အောင် နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ RFA ကို ပြောပါတယ်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF Myanmar) ရဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် အရပ်သား ၁၈၈ ဦး သေဆုံး ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။