မွန်၊ ဧရာဝတီနဲ့ စစ်ကိုင်းမှာ တရားမဝင်သစ်တွေ ရှာဖွေဖမ်းဆီး ဖို့ သစ်တောဦးစီးဌာန ညွှန်ကြား
2017.03.01

ရန်ုကုန်တိုင်းဒေသကြီးမှာ တရားမဝင်သစ်တွေ လိုက်လံဖမ်းဆီးတာတွေပြုလုပ်ပြီးနောက်ပိုင်း ပင်လယ်ထွက်ပေါက် ရှိတဲ့ နေရာတွေကို ရွှေ့ပြောင်းတာတွေ ပြုလုပ်လာတဲ့အတွက် မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းတို့မှာ ရှာဖွေဖမ်းဆီးတာတွေပြုလုပ်ဖို့ သစ်တောဦးစီးဌာနက ညွှန်ကြားထားတယ်လို့ မွန်ပြည်နယ် သစ်တောဦးစီးဌာ ညွှန်ကြားရေးမှူး က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မှာ သစ်တန်ချိန် ၁၅၀၀လောက် ဖမ်းမိပြီးနောက်ပိုင်း သစ်တောဦးစီးဌာနက ညွှန်ကြားထားတာဖြစ်တယ်လို့ မွန်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းမြင့် က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
"ရန်ကုန်မှာ ကွန်တိန်နာတလုံးကနေ အစပြုပြီးတော့ အဲဒီမှာ သတင်းစုံစမ်းဖော်ထုတ်ရင်းနဲ့ စုစုပေါင်း ရန်ကုန်မှာ ပိတောက်ရယ်၊ ကျွန်းရယ် အပါအဝင် တန်ချိန် ၁၅ဝဝ လောက်ကို တပတ် ၁ဝ ရက်မှာ တောက်လျှောက်ကို မိပါတယ်"
ပြီးခဲ့တဲ့ရက်ပိုင်းက မွန်ပြည်နယ် ပေါင်၊ မော်လမြိုင်နဲ့ မုဒုံမြို့နယ်တွေက ဖမ်းဆီးမိတဲ့ သစ်တန်ချိန် ၁၈၀ ကျော်ရဲ့ ပိုင်ရှင်ကို စုံစမ်းသိရှိရခြင်းမရှိသေးဘဲ ဖမ်းမိတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို သစ်တောဥပဒေအရ အရေးယူစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၄နဲ့ ၂၅ ရက်နေ့တို့မှာ မွန်ပြည်နယ် ပေါင်၊ မုတ္တမနဲ့ မုဒုံလမ်းတွေမှာ တရားမဝင် ပိတောက်သားတွေ တင်တဲ့ ကား ၇ စီးနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၁၀ ဦးကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးတေ့ွရှိချက်တွေအရ မုဒုံမြို့နယ် ကမာဝက်မြို့နယ်ခွဲ အနောက်ဘက်နှစ်မိုင်အကွာက တောထဲမှာ တန် ၆၀နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကမာဝတ်နယ်ခွဲ သိမ်ကုန်းရပ်ကွက်မှာ တရားမဝင် သစ်တန်ချိန် ၇၀ ကျော် ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။