မော်လမြိုင် ကျောက်မီးသွေး ဓါတ်အားစက်ရုံ ဒေသခံကန့်ကွက်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က မော်လမြိုင် ဘိလပ်မြေစက်ရုံမှာ လောင်စာ အသုံးပြုမယ့် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ တည်ဆောက်နေတာ ကို ကျေးရွာ ၁၁ ရွာက ဒေသခံတွေ ကန့်ကွက်ကြပါတယ်။

ကျောက်မီးသွေးလောင်စာအသုံးပြုတာ ဒေသခံတွေလက်မခံဘူးဆိုတာကို ကုမ္ပဏီနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ သိစေချင်တဲ့အတွက် ပိုစတာတွေ ကို ကျေးရွာတွေမှာလိုက်ကပ်တာလို့ ကော့ဒွတ် ရွာသူ မိနီနီအောင်က ပြောပါတယ်။

"ကျောက်မီးသွေးအန္တရာယ်တွေကို ဒီဒေသခံတွေကလက်မခံနိုင်ဘူးဆိုတဲ့ အကြောင်းလဲသိစေချင်တာပေါ့နော်၊ နောက်ပြီးတော့ ကျောက်မီးသွေးကန့်ကွက်နေတဲ့ အဖွဲ့သားတွေ နဲ့လည်း ပူးပေါင်းပြီးတော့ ဒီကျောက်မီးသွေးကို တိုက်ဖျက်ဖို့ကိုလိုချင်တာပေါ့နော်"

ကျောက်မီးသွေးအလိုမရှိ၊ ကျောက်မီးသွေးကြောင့် လူနဲ့ ပတ်ဝန်းကျင်ဆိုးကျိုးဖြစ်တာတွေကို ရေးသား ထားတဲ့ ပိုစတာတွေကို ကတုံစိ၊ ကော့ဒွန်၊ မယ့်ခရို၊ ကွမ်ငန်း၊ နှီးတုန်း စတဲ့ ကျေးရွာ ၁၁ ရွာနဲ့ စက်ရုံကို သွားတဲ့ လမ်းတစ်လျောက်မှာ စိုက်ထူခဲ့ကြပါတယ်။

အဲဒီစက်ရုံတည်ဆောက်မှာကို ဒေသခံတွေက ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးပြီး ပြည်နယ် ဝန် ကြီးချုပ်၊ လွှတ်တော်နဲ့ မြန်မာနိုင်ငံရင်းနှီးမြုှပ်နှံမှုကော်မရှင် စတဲ့ဌာနဆိုင်ရာတွေကို ပြီးခဲ့တဲ့ ဧပြီလက ကန့်ကွက်စာတွေ ပို့ခဲ့ကြပါတယ်။

အာဆီယံဒေသတွင်း ထိပ်တန်းစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံအခြေစိုက် (SCG) က မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကွမ်ငန်းကျေးရွာ မှာ မော်လမြိုင် ဘိလပ်မြေ စက်ရုံကို ၂၀၁၄ ခုနှစ်မှာ စတင်အကောင်ထည်ဖော်ခဲ့ပြီး တစ်နေ့ကို ဘိလပ်မြေတန်ချိန် ၅ ထောင်ကျော် ထုတ်လုပ်မယ့် စီမံကိန်းဖြစ် ပါတယ်။